ကယ်လီဖိုးနီးယားပြည်နယ် မငြိမ်သက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းရန် ပင်တဂွန်မှ မရိန်းတပ်ဖွဲ့ဝင်များကို စေလွှတ်မည်
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဖမ်းဆီးခံရမှုများကြောင့် လော့စ်အိန်ဂျလိစ်တွင် စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို ထိန်းသိမ်းရန် အမေရိကန်ကာကွယ်ရေးဌာန (ပင်တဂွန်) မှ မရိန်း တပ်ဖွဲ့ ဝင်များကို စေလွှတ်မည်ဖြစ်သည်။
US Northern Command တနင်္လာနေ့ (ဇွန် ၉) တွင် ပြောကြားချက်အရ 1st Marine Division မှ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ခန့်သည် လော့စ်အိန်ဂျလိစ် နှင့် ပတ်ဝန်းကျင်ရှိ ဖက်ဒရယ်ဝန်ထမ်းများနှင့် ဖက်ဒရယ် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။
Reuters ၏ သတင်းအရ မရိန်းတပ်ဖွဲ့များသည် National Guard တပ်ဖွဲ့ များကို အထောက်အပံ့ပေးမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် National Guard တပ်သားဦးရေ ၂,၀၀၀ အထိ တိုးလာဖွယ်ရှိကြောင်း သိရှိရသည်။
ကာကွယ်ရေးဝန်ကြီး Pete Hegseth က X (Twitter) တွင် “Gavin Newsom မလုပ်ဆောင်လျှင်ပင် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအရာရှိများကို ကာကွယ်ရန် မိမိတို့တွင်တာဝန်ရှိသည်” ဟု ရေးသားခဲ့သည်။ ပင်တဂွန်မှ တနင်္လာနေ့ညနေပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ရဲတပ်ဖွဲ့ များကို ကူညီရန် National Guard တပ်ဖွဲ့ဝင် ၂၀၀၀ ကို ထပ်မံ ခေါ်ယူမည်ဟု ကြေညာခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က သမ္မတ Donald Trump ၏ ဆန္ဒပြသူများကို ရင်ဆိုင်ရန် မရိန်းတပ်ဖွဲ့များ စေလွှတ်သည့် ဆုံးဖြတ်ချက်ကို “အမေရိကန်ဆန့်ကျင်သော အပြုအမူ” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
Newsom က X တွင် “အာဏာရှင်သမ္မတ၏ စိတ်ကူးယဉ်ဆန်သော အိပ်မက်ကို အကောင်အထည်ဖော်ရန် အမေရိကန်မြေပေါ်တွင် မိမိ တိုင်းသူပြည်သားများကို ရင်ဆိုင်ရန် ၎င်းတို့ကို မစေလွှတ်သင့်” ဟု ရေးသားခဲ့သည်။ ၎င်းက Trump အား National Guard တပ်ဖွဲ့များကို ပြန်ခေါ်ရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့ကို တရားမဝင်စေလွှတ်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေကာ ကယ်လီဖိုးနီးယား၏ အခွင့်အရေး များကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများအား စစ်ဆေးရေးအရာရှိများက “တရားမဝင် အလုပ်သမားစာရွက်စာတမ်းများ” အသုံးပြုမှုဖြင့် Home Depot ကားပါကင်နှင့် Ambiance Apparel အထည်စက်ရုံမှ လူ ၄၀ ကျော်ကို ဖမ်းဆီးပြီးနောက် သောကြာနေ့ (ဇွန် ၆) က ဆန္ဒပြမှုများ စတင်ခဲ့သည်။ Trump ၏ တင်းကျပ်သော ရွှေ့ပြောင်းနေထိုင်မှုမူဝါဒကို ရှုတ်ချသည့် ဆန္ဒပြမှုများသည် လုယက်မှုများနှင့် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုများအထိ ပြင်းထန်လာခဲ့သည်။
ဆန္ဒပြသူများသည် မော်တော်ယာဉ်များကို မီးရှို့ကာ လုပ်ငန်းခွင်များ ထဲသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ခဲ့ကြပြီး ရဲများက လူစုခွဲရန် ငရုတ်ကောင်းဘောလုံးများနှင့် ရာဘာကျည်များ အသုံးပြုခဲ့သည်။ သတင်းဌာနများ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အနည်းဆုံး လူ ၅၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂