အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ရန် လျှောက်ထားနိုင်သော “Golden Card” အတွက် အွန်လိုင်းမှတ်ပုံတင်ရန် Website ဖွင့်လှစ်

News Image

  • အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ရန် လျှောက်ထားနိုင်သော “Golden Card” အတွက် အွန်လိုင်းမှတ်ပုံတင်ရန် Website ဖွင့်လှစ်

အမေရိကန်အစိုးရသည် ဆွဲဆောင်စည်းရုံးမှု အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် လူဝင်မှုကြီးကြပ်ရေး “Golden Card” ကို ဒေါ်လာ ၅ သန်းဖြင့် ရောင်းချရန် Website တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပါသည်။

"trumpcard.gov" ဝက်ဘ်ဆိုဒ်ကို ဇွန်လ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၎င်းတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ ဓာတ်ပုံနှင့် လက်မှတ်ပါရှိသော ရွှေရောင်ကတ်ပြားပုံကို ပြသထားသည်။ အမေရိကန် အရာရှိများက အဆိုပါ Website ကို မကြာမီ စတင်မည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုအချိန်တွင် စတင်လိုက်ခြင်းဖြစ်သည်။

Website သို့ ဝင်ရောက်သည့်အခါ လူဝင်မှုကြီးကြပ်ရေး ရွှေရောင်ကတ် အတွက် မှတ်ပုံတင်လိုသူများသည် အမည်အပြည့်အစုံ၊ နေထိုင်ရာ နေရာနှင့် ဆက်သွယ်ရန်နည်းလမ်းစသည့် အခြေခံအချက်အလက်များကို ဖြည့်စွက်ရမည်ဖြစ်သည်။ ထို Website သည် ဥရောပ၊ အာရှ (အရှေ့ အလယ်ပိုင်းအပါအဝင်) ၊ မြောက်အမေရိက၊ သြစတြေးလျနှင့် ပစိဖိတ် ဒေသ၊ ဗဟိုအမေရိက၊ တောင်အမေရိက၊ ကာရေဘီယံနှင့် အာဖရိက ဟူသော ဒေသမှ လျှောက်ထားသူများကို လက်ခံပါသည်။ 

“ဒေါ်လာ ၅ သန်းပေးရင် Trump Card ရပြီ! ကမ္ဘာ့အကြီးကျယ် ဆုံးနိုင်ငံနှင့် ဈေးကွက်ကို အလှပဆုံးခရီးစဉ်အတွက် မည်သို့ မှတ်ပုံတင်ရမလဲဆိုသည်ကို ထောင်နှင့် ချီသည့်လူတွေက မေးနေကြပါသည်” ဟု ဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်ပေါ်တွင် Website ကို ကြေညာစဉ် ရေးသားခဲ့သည်။

ဒေါ်လာ ၅ သန်းတန်ဖိုးရှိသော ရွှေကဒ်လူဝင်မှုအစီအစဉ်ကို ထရမ့်မှ ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် "Trump Card" ဟု အမည်ပေးခဲ့သည်။ အဆိုပါအစီအစဉ်၏ ရည်ရွယ်ချက်မှာ အမေရိကန် EB-5 ရင်းနှီးမြှုပ်နှံမှုဗီဇာစနစ်ကို ပြုပြင်ရန်ဖြစ်ကာ သာမန်ဂရင်းကတ် ထက် ပိုမိုကောင်းမွန်သည်ဟု ထရမ့်က ဖော်ပြခဲ့သော အကျိုးခံစားခွင့် များဖြင့် ချမ်းသာသော နိုင်ငံခြားသားများကို အမေရိကန်သို့ ဆွဲဆောင်ရန် ဖြစ်သည်။

"Trump Card" ဝယ်ယူသူများသည် အမေရိကန်တွင် အခြေချ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်များသာမက၊ နိုင်ငံခြားဝင်ငွေအပေါ် အခွန်မပေးရသည့် အထူးအခွင့်အရေးကိုပါ ရရှိမည်ဖြစ်ပါသည်။ အဆိုပါ အခွင့်အရေးကို မိခင် အမေရိကန်နိုင်ငံသားများပင် မရရှိနိုင်ပေ။

ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါအစီအစဉ်ဖြင့် အမေရိကန်၏ အမျိုးသားအကြွေးဝန်ထုပ်ကို လျှော့ချရန် မျှော်လင့်ထားပါသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂