တရုတ်က အာကာသအတွင်း လောင်စာပြန်လည်ဖြည့်တင်းရေး လုပ်ဆောင် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုများက စောင့်ကြည့်နေ
တရုတ်နိုင်ငံသည် အာကာသအတွင်း ဂြိုဟ်တုအချင်းချင်း လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ဆောင်နေစဉ် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံက Xijiang-25 အမည်ရှိ ဂြိုဟ်တုကို အာကာသအတွင်းလောင်စာ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းလုပ်နိုင်စေရန် ယခုနှစ်အတွင်း လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး Xijiang-21 ဂြိုဟ်တုနှင့်အနီးကပ်လိုက်ပါပျံသန်းကာ လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ် အမေရိကန်၏ ထောက်လှမ်းရေးဂြိုဟ်တု နှစ်စင်းက ယင်းဂြိုဟ်တုများကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ပန်ဆယ်ဗေးနီးယားပြည်နယ် အခြေစိုက် အာကာသရေးရာ လေ့လာစောင့်ကြည့်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် COMSPOC က ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။
အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တု နှစ်စင်းဖြစ်သည့် USA 270 နှင့် USA 271 တို့အနေဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်းနှင့် ယခင်ကလည်း ထိုကဲ့သို့လုပ်ဆောင်ခြင်း မျိုးမရှိကြောင်း နက္ခတ္တဗေဒပညာရှင် ဂျွန်နသန်မက်ဒေါင်ဝဲက ပြောသည်။
အာကာသတွင် ဂြိုဟ်တုအချင်းချင်း လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ငန်းသည် ဂြိုဟ်တုများ၏ သက်တမ်းကို ပိုမိုရှည်ကြာစေရေးနှင့် ကုန်ကျစရိတ်ပိုမို သက်သာစေရေးတို့အတွက် အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။
ထို့ပြင် ယင်းလုပ်ငန်းစဉ်ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းက အာကာသနယ်ပယ်တွင် လွှမ်းမိုးနိုင်မည့် အလားအလာ တစ်ခုလည်းဖြစ်သည့်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ထိုလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေကြခြင်းဖြစ်ကြောင်းသိရသည်။
MWD Web Portal