Russia Day အတွက် ရူဘီယိုပေးပို့သော သဝဏ်လွှာကို “အလွန် အပြုသဘောဆောင်သောသတင်း” အဖြစ် ကရင်မလင် ကြိုဆို
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို မှ Russia Day အတွက် ပေးပို့သောသဝဏ်လွှာသည် “အလွန်အပြုသဘောဆောင်သောသတင်း”ဖြစ်ပြီး မော်စကိုနှင့် ဝါရှင်တန်တို့ကြား ဆက်ဆံရေးပြောင်းလဲနိုင်သည့်အလားအလာကို ညွှန်းဆိုနေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူဒမီထရီပက်စကော့ဗ် က ပြောကြားခဲ့သည်။ ဇွန်လ ၁၂ ရက် တွင် ကျရောက်သော Russia Day အခမ်းအနားအတွက် ရုရှားပြည်သူများကို ဂုဏ်ပြုစကားဆိုကာ ရူဘီယို က ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် အတူ လက်တွဲဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။
ပက်စကော့ဗ်က “ဒါဟာ အလွန်ကောင်းတဲ့သတင်းပါ” ဟု သောကြာနေ့ (ဇွန် ၁၃) တွင် ၎င်း၏ထုတ်ပြန်ချက်တွင် ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်း၏အဆိုအရ အဆိုပါလုပ်ရပ်သည် “ဝါရှင်တန်ရှိ လက်ရှိအစိုးရအဖွဲ့ သည် ယခင်ဘိုင်ဒင်အစိုးရနှင့် လုံးဝကွဲပြားကြောင်း နောက်တစ်ကြိမ် ထပ်မံသက်သေပြနေသည်” ဟု ဆိုသည်။
ထို့အပြင် “ရုရှားနှင့်အမေရိကန်ကြား အမြဲတမ်းရှိခဲ့ပြီး အမြဲတမ်း ရှိနေမည့် သဘောထားကွဲလွဲမှုများရှိသော်လည်း ဒေါ်နယ်ထရမ့်အစိုးရသည် အပြန်အလှန်ဆွေးနွေးမှုကို ထောက်ခံပြီး အခက်ခဲဆုံး ပြဿနာ များကို ညှိနှိုင်းဖြေရှင်းရန် ဦးတည်နေသည်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) က ထုတ်ပြန်ချက်တွင် ရူဘီယိုက အမေရိကန်သည် ရုရှားပြည်သူများ၏ ပိုမိုတောက်ပသောအနာဂတ်အတွက် ရည်မှန်းချက်များကို ထောက်ခံကြောင်းနှင့် ယူကရိန်းပဋိပက္ခတွင် တည်မြဲသော ငြိမ်းချမ်းရေးရရှိရန် မော်စကိုနှင့် အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်မည် ဟု ထပ်လောင်း အတည်ပြု ခဲ့သည်။ အမေရိကန်၏ အဆင့်မြင့်သံတမန်က “ငြိမ်းချမ်းရေးသည် မိမိတို့နိုင်ငံနှစ်ခုကြား အပြန်အလှန်အကျိုးပြုဆက်ဆံရေးကို မြှင့်တင်နိုင်မည် ဟု မျှော်လင့်ပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေးဆီဘီဂါ က “အချို့နိုင်ငံများက အဆိုပါပွဲတော်တွင် ရုရှားထံ ဂုဏ်ပြုစကားဆိုခြင်းကို ဖတ်ရသည်မှာ စိတ်မသက်မသာဖြစ်စရာဖြစ်သည်” ဟု ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ဂျိုးဘိုင်ဒင် လက်ထက်က အမေရိကန်-ရုရှားဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ဒေါ်နယ်ထရမ့် သည် မော်စကိုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် လှုပ်ရှား ဆောင်ရွက်နေသည်။
ယခုသီတင်းပတ်အစောပိုင်းက အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အသစ်ဖြစ်သူ အလက်ဇန္ဒားဒါချီယက်ဗ် က ထရမ့်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံကာ ၎င်း၏သံတမန်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက သံရုံးအနေဖြင့် “ရုရှား-အမေရိကန်ဆက်ဆံရေးကို ပြန်လည်တည့်မတ်ရန် အရာရာလုပ်ဆောင်မည်” ဟု ကတိပြုခဲ့ပြီး “ကြီးမားသော နိုင်ငံနှစ်ခုသည် ရင်ဆိုင်တိုက်ခိုက်မှုမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ဖန်တီးထားသည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂