အမေရိကန်က အစ္စရေးကို ကာကွယ်ပေးမည်ဟု ထရမ့်က Fox News သို့ ပြော

News Image

  • အမေရိကန်က အစ္စရေးကို ကာကွယ်ပေးမည်ဟု ထရမ့်က Fox News သို့ ပြော

အီရန်က အနောက်ဂျေရုဆလင်၏ “ကြိုတင်တိုက်ခိုက်မှုများ” အတွက် တုံ့ပြန်တိုက်ခိုက်လာလျှင် အမေရိကန်က မိမိကိုယ်ကိုနှင့် အစ္စရေးကို ကာကွယ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် Fox News မှ အစီအစဉ်တင်ဆက်သူ Bret Baier နှင့် ဖုန်းဆက်ပြောဆိုစဉ် ပြောကြားခဲ့သည်။ 

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က အီရန်နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် နာတန်ဇ်မြို့ရှိ နျူကလီးယား သန့်စင်ရေးစက်ရုံအပါအဝင် ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အဆိုပါ စစ်ဆင်မှုသည် အီရန်အား နျူကလီးယားလက်နက်များ ရရှိခြင်းမှ တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

အီရန်မီဒီယာများက တိုက်ခိုက်မှုများအပြီး တီဟီရန်တွင် အနည်းဆုံး လူငါးဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ၆ ကြိမ်မြောက် အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးပွဲ မတိုင်မီ နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင် အိုမန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည်။

ထရမ့်က Fox News သို့ ၎င်းသည် မကြာသေးမီကာလအတွင်း နေတန်ယာဟု နှင့် မကြာခဏ ဆက်သွယ်ပြောဆိုခဲ့ပြီး ၎င်း၏ ကြိုတင် စီစဉ်ထားသော တိုက်ခိုက်မှုများကို သိရှိထားကြောင်း၊ “အံ့အားသင့်စရာ မရှိခဲ့ပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် “အမေရိကန်သည်စစ်ရေးအရ ပါဝင်ခြင်းမရှိပါ” ဟု ၎င်းက အတိအလင်းပြောကြားကာအီရန်နိုင်ငံသည် ဆွေးနွေးပွဲများဆီသို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

“အီရန်သည် နျူကလီးယားဗုံးပိုင်ဆိုင်ခွင့် မရှိစေရ” ဟု ထရမ့်က ပြောကြားခဲ့ပြီး “ဆွေးနွေးပွဲများဆီ ပြန်လည်ရောက်ရှိရန် မျှော်လင့်နေပါသည်။ သို့သော် ခေါင်းဆောင်အချို့မှာ ပြန်လာနိုင်တော့မည် မဟုတ်ပါ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်သည် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော အီရန်အရာရှိများကို ရည်ညွှန်းဟန် ရှိသည်။

အီရန်မီဒီယာများက သေဆုံးသူများတွင် IRGC ကွပ်ကဲရေးမှူး Hossein Salami၊ ဒုတိယစစ်ဦးစီးချုပ် Gholam Ali Rashid နှင့် နျူကလီးယား သိပ္ပံပညာရှင်များဖြစ်သည့် Mohammad Mehdi Tehranchi နှင့် Fereydoon Abbasi တို့ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

ထရမ့်က အီရန်အနေဖြင့် အပေးအယူညှိနှိုင်းမှု ပြု၊ မပြုကို စောင့်ကြည့်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အီရန်တပ်မတော်က အစ္စရေး၏ ရန်စမှုကို သည်းမခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုကာ “နေတန်ယာဟုအတွက် ခါးသီးသော သင်ခန်းစာတစ်ခု စောင့်နေသည်” ဟု သတိပေးခဲ့သည်။ အီရန်ခေါင်းဆောင်ကြီး အယ်လီ ခါမေနီက သောကြာနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် အစ္စရေးသည် “ပြင်းထန်သော အပြစ်ဒဏ်ကို မျှော်လင့်ထားသင့်သည်” ဟု ပြောကြားခဲ့သည်။

Fox News ၏ ဖော်ပြချက်အရ ထရမ့်က “CENTCOM (အမေရိကန်ဗဟို စစ်ဌာနချုပ်)သည် အမြင့်ဆုံးတပ်လှန့်မှုအဆင့်တွင်ရှိနေပြီး အီရန်က တုံ့ပြန်တိုက်ခိုက်လာပါက အမေရိကန်နှင့် အစ္စရေးကို ကာကွယ်ပေးမည်” ဟု ပြောကြားခဲ့သည်။

သို့သော် အဆိုပါ ဖုန်းဆက်ပြောဆိုမှုနှင့် ပတ်သက်၍ အမေရိကန် အိမ်ဖြူတော်ဘက်မှ အကြောင်းတစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂