ရီပတ်ဘလီကန်အမတ်များက ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် လော့အိမ်ဂျလိစ် မြို့တော်ဝန်တို့ကို အကြမ်းဖက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေ

News Image

  • ရီပတ်ဘလီကန်အမတ်များက ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် လော့အိမ်ဂျလိစ် မြို့တော်ဝန်တို့ကို အကြမ်းဖက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေ

အမေရိကန်အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် အစိုးရပြုပြင်ပြောင်းလဲရေး ကော်မတီက ကယ်လီဖိုးနီးယားပြည်နယ်တွင် ICE (US Immigration and Customs Enforcement) ၏ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား ဝင်ရောက်စီးနင်းဖမ်းဆီးပြီးနောက် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန္ဒပြမှုများကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။ ကော်မတီအဖွဲ့ဝင်များက ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom နှင့် လော့အိမ်ဂျလိစ် မြို့တော်ဝန် Karen Bass တို့အား ဆူပူအုံကြွမှုများကို ထိန်းသိမ်းရန်ပျက်ကွက်မှုနှင့် ဖက်ဒရယ်အစိုးရ၏ အခြေအနေ ထိန်းသိမ်းရေး ကြိုးပမ်းမှုများကို ဟန့်တားခဲ့သည်ဟု စွပ်စွဲထားသည်။

လွန်ခဲ့သည့်သီတင်းပတ်က စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည် အကြမ်းဖက်အုံကြွမှုများအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး ပါဝင်သူများက ရဲကားများနှင့် အမေရိကန်အလံများကို မီးရှို့ဖျက်ဆီးခြင်း၊ မော်တော်ကားလမ်းများပိတ်ဆို့ခြင်းနှင့် ဥပဒေစိုးမိုးရေးအရာရှိများကိုထိပါးရန်မူခြင်းများ ပြုလုပ်ခဲ့သည်။ ဥပဒေစိုးမိုးရေးတပ်ဖွဲ့များက မျက်ရည်ယို ဗုံးများ၊ ရာဘာကျည်များဖြင့် တုံ့ပြန်ခဲ့ပြီး အာဏာပိုင်များက ရာနှင့်ချီသော ဆန္ဒပြသူများအား ဖမ်းဆီးခဲ့ပြီး နှစ်ဖက်စလုံးတွင် ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။ 

အမေရိကန်အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီက သောကြာနေ့ (ဇွန် ၁၃) တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ အဆိုပါစုံစမ်း စစ် ဆေးမှု စတင်ကြောင်း ကြေညာခဲ့သည်။

ကော်မတီဥက္ကဋ္ဌ James Comer (ရီပတ်ဘလီကန်) နှင့် ဖက်ဒရယ် ဥပဒေ စိုးမိုးရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ Clay Higgins (ရီပတ်ဘလီကန်) တို့က Newsom နှင့် Bass တို့ထံသို့ စာတစ်စောင်စီ ပေးပို့ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့နှင့် ယင်းနောက်ပိုင်းကာလများအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်အုံကြွမှုများနှင့် ပြည်နယ်အာဏာပိုင်များ၏ တုံ့ပြန် ဆောင်ရွက်မှု ဆိုင်ရာ “စာရွက်စာတမ်းများနှင့် ဆက်သွယ်ပြောဆိုမှုမှတ်တမ်းများ” ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုစာများတွင် ဒီမိုကရက်တစ် ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် မြို့တော်ဝန်တို့အား “ပြည်နယ်နှင့် ဒေသ  ဆိုင်ရာ ဥပဒေစိုးမိုးရေးတပ်ဖွဲ့များက ဆန္ဒပြမှုများကို ထိန်းချုပ်ထား နိုင်ပြီ” ဟု မှားယွင်းစွာပြောဆိုခဲ့သည်” ဟု လည်းကောင်း၊ အကြမ်းဖက် အုံကြွသူများ၏ လုပ်ရပ်များအတွက် Donald Trump သမ္မတအား “မတရားစွပ်စွဲခဲ့သည်”ဟု လည်းကောင်း စွပ်စွဲထားသည်။

လွန်ခဲ့သော သီတင်းပတ်က California ပြည်နယ်သို့ National Guard စေလွှတ်ရန် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဂါးဗင် နယူဆမ်က တရားစွဲခဲ့သည်။ ကြာသပတေးနေ့ (ဇွန် ၁၂) တွင် အမေရိကန်ခရိုင် တရားသူကြီးက အဆိုပါဆုံးဖြတ်ချက်အား တရားမဝင်ဟု စီရင်ချက်ချ ခဲ့သော်လည်း နာရီအနည်းငယ်အကြာတွင် အယူခံတရားရုံးက ယင်း ဆုံးဖြတ်ချက်ကို ယာယီရပ်ဆိုင်းလိုက်သည်။ လာမည့် အင်္ဂါနေ့ (ဇွန် ၁၇) ကြားနာပွဲမတိုင်မီအထိ အမျိုးသားအစောင့်တပ်ဖွဲ့၏ ထိန်းချုပ်မှုသည် ပြည်နယ်အာဏာပိုင်များ၏ကွပ်ကဲမှုအောက်တွင်မရှိဘဲ ထရမ့်၏  ကွပ်ကဲမှု အောက်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်သည်။

စနေနေ့ (ဇွန် ၁၄) တွင် Governor Newsom ၏ ပြန်ကြားရေးရုံးက X (Twitter) တွင် ကော်မတီ၏တောင်းဆိုချက်ကို တုံ့ပြန်ရာတွင် “တောင်းဆိုထားသော မှတ်တမ်းများတွင် အိမ်ဖြူတော်မှ အလွန်ထူးခြားသည့် ဆက်သွယ်ရေးအချက်အလက်များ ပါဝင်နိုင်သည်” ဟု ဖော်ပြခဲ့သည်။

“မိမိတို့ဘက်က ပွင့်လင်းမြင်သာမှုရှိပါသည်။ အိမ်ဖြူတော်ကရော အလားတူပြောမည်လား” ဟု ၎င်းတို့၏ ပို့စ်တွင် ဖြည့်စွက် ရေးသားထားသည်။

တစ်ပတ်အတွင်း ပြင်းထန်သော စကားစစ်ထိုးမှုများတွင် Newsom က အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်ရန် ထရမ့်၏ဆုံးဖြတ်ချက်အား “အာဏာရှင်စနစ်ဆီသို့ ဦးတည်သည့်လုပ်ဆောင်မှုဖြစ်ကြောင်း” နှင့် “ပြည်နယ်၏အချုပ်အခြာအာဏာအပေါ် ကြီးမားသော ချိုးဖောက်မှု” ဟု ဝေဖန်ခဲ့သည်။

ထရမ့်ကလည်း လုပ်ငန်းကျွမ်းကျင်နိုင်နင်းမှုမရှိသော California အုပ်ချုပ်ရေးမှူးအား ၎င်း၏လုပ်ရပ်များကို ပြင်ဆင်ရန်နှင့် ၎င်း၏ ဆိုးရွားလှသည့် လုပ်ဆောင်မှုများအတွက် တောင်းပန်ရန် တိုက်တွန်းခဲ့သည်။

ထရမ့်က နယူဆမ်အား ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို တမင်ဟန့်တားမှုဖြင့် ဖမ်းဆီးရန် အိမ်ဖြူတော်၏ နယ်စပ်ရေးရာအကြီးအကဲ Tom Homan ၏ အဆိုပြုချက်ကို သဘောတူကြောင်း ပြောကြား ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂