ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပီရူးနိုင်ငံမြို့တော် လီမာ၌ တွေ့ဆုံ

News Image

  • ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပီရူးနိုင်ငံမြို့တော် လီမာ၌ တွေ့ဆုံ

လီမာ နိုဝင်ဘာ ၁၆

ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် အပြုသဘောဆောင်ပြီး တည်ငြိမ်သောဆက်ဆံရေးကို တည်ဆောက်ကြမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေး

ခေါင်းဆောင်နှစ်ဦးသည် ပီရူးနိုင်ငံမြို့တော် လီမာ၌ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ပြင်ပအစည်းအဝေးအဖြစ် မိနစ် ၃၀ ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသည် ၎င်းတို့နှစ်ဦး၏ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲဖြစ်သည်။

ဘုံမဟာဗျူဟာအကျိုးစီးပွားများကို အခြေခံ၍ အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် အပြုသဘောဆောင်ပြီး တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံ‌ရေးကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် အီရှီဘာက ပြောကြားသည်။

ထို့ပြင် ဖူကူရှီးမား ဒိုင်အိချိနျူကလီးယားစက်ရုံမှ သန့်စင်ထားသောရေများကို သမုဒ္ဒရာထဲသို့ စွန့်ထုတ်ပြီးနောက် ဂျပန်ပင်လယ်စာတင်သွင်းမှုကို တရုတ်နိုင်ငံက ရပ်ဆိုင်းခဲ့သည်။ ပင်လယ်စာ တင်သွင်းမှုကို ပြန်လည်စတင်ရန် နှစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက သဘောတူခဲ့ သည့် အဆိုပါ သဘောတူညီချက်ကို တရုတ်သမ္မတရှီကျင့်ဖျင်က စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားသည်။

အရှေ့တရုတ်ပင်လယ်အခြေအနေနှင့် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ၊ တိုးချဲ့လုပ်ဆောင်မှု များနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ဝန်ကြီးချုပ် အီရှီဘာက သမ္မတ ရှီကျင့်ဖျင်အား ပြောကြားသည်။

မတူကွဲပြားသည့် အမြင်များအပေါ် ဆက်လက်ဆွေးနွေးရန် ခေါင်းဆောင်နှစ်ဦးက သဘောတူ ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ဂျပန်ကျောင်းသူတစ်ဦး ဓားဖြင့်ထိုးခံရမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအတွင်း ဂျပန်လူမျိုးများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ဝန်ကြီးချုပ် အီရှီဘာက သမ္မတရှီကျင့်ဖျင်အား တောင်းဆိုခဲ့သည်။ ဂျပန်လူမျိုးများအပါအဝင် နိုင်ငံခြားသားများအားလုံး ဘေးကင်းလုံခြုံစေရန် အတွက် သမ္မတ ရှီကျင့်ဖျင်က ကတိပြုခဲ့ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

Source- ကြေးမုံသတင်းစာ