ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံ ၄၁၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

News Image

  • ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံ ၄၁၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ခင်ဦး   ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံ ၄၁၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင် က ပြောပြ၍ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ခင်ဦးမြို့နယ်တွင် ကြံ ၄၅၅၁ ဧက စိုက်ပျိုးရန် လျာထားပြီး မေလမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၄၁၁၁ ဧကထိစိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ခင်ဦးမြို့နယ်အတွင်း ကြံ ၄၅၅၁ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၄၁၁၁ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒေသခံတောင်သူတွေက ကြံကိုပုံမှန်စိုက်ပျိုးကြပါတယ်”ဟု ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်က ပြောပြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြံစိုက်ပျိုးမှုအနေဖြင့် ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့တွင် စိုက်ပျိုးကြပြီး ကသာခရိုင်နှင့် ကန့်ဘလူခရိုင်၌ ကြံစိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း သိရသည်။ 

ခင်ဦးမြို့နယ်တွင် ကြံစိုက်ပျိုးရာ၌ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းနှင့် ခုနစ်သိန်းကြား ကုန်ကျပြီး ကြံတစ်ဧကလျှင် တန်ချိန် ၃၀ ထွက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ကြံစိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးဖြစ်သည့် K-95/84၊ နဝဒေး-၄၊ ဖော်မိုဇာ၊ ဆင်းရွှေလီမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

ကြံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကြံကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင် က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ