မော်လ်ဒိုဗာသည် EU လိုလားသော ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေသည်ဟု အတိုက်အခံပါလီမန်အမတ်ပြောဆို

News Image

  • မော်လ်ဒိုဗာသည် EU လိုလားသော ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေသည်ဟု အတိုက်အခံပါလီမန်အမတ်ပြောဆို

မော်လ်ဒိုဗာနိုင်ငံရှိ အတိုက်အခံပါတီ ဝါရင့်အမတ်တစ်ဦးက တနင်္ဂနွေ နေ့ (ဇွန် ၁၅) က Chisinau တွင် ကျင်းပခဲ့သော LGBTQ ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့နှင့် အော်သိုဒေါက်ခရစ်ယာန်ဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အလွန်အံ့အား သင့်ကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများ အရ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသည့်ပုံများ၊အော်သိုဒေါက်ဘုန်းတော်ကြီးတစ်ပါး မြေပြင်သို့ လဲကျသည်အထိ အကြမ်းဖက်ခံရပုံနှင့် ကလေးငယ်တစ်ဦးပါသည့် အမျိုးသားတစ်ဦးအား အတင်းအကျပ်ဖမ်းဆီးခံရပုံများ ပါဝင်နေသည်။

“ယနေ့ Chisinau တွင် ဖြစ်ပျက်ခဲ့သည်များကို မိမိတို့ အပြင်းအထန် ရှုတ်ချပါသည်” ဟု EU ထောက်ခံသည့် အစိုးရကို ထောက်ပြဝေဖန်သူ Marina Tauber က RT သို့ ပြောကြားခဲ့သည်။ “ယနေ့မြင်တွေ့ခဲ့ရ သည့်အတိုင်း လုပ်ဆောင်ခဲ့ကြသော ရဲများအား စုံစမ်းစစ်ဆေးပြီး အရေးယူ အပြစ်ပေးရန် မိမိတို့ တောင်းဆိုနေပါသည်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပဋိပက္ခများမှာ သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့် LGBTQ လှုပ်ရှားသူများ၏ သက်တံ့ရောင်အလံများဝှေ့ယမ်းကာ ပါဝင် ခဲ့သည့် ချီတက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူများ (အဓိကအားဖြင့် ဘာသာရေး သင်္ကေတများနှင့် လက်ဝါးကပ်တိုင်များကိုင်ဆောင်ထားသည့် အော်သိုဒေါက် ခရစ်ယာန်များ) က ဆန့်ကျင်ရာမှ စတင်ခဲ့သည်။ ရဲတပ်ဖွဲ့မှ အင်အား အများအပြားတပ်ဖြန့်ထားပြီး အစပိုင်းတွင် LGBTQ ချီတက်ပွဲကိုဆက်လက်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အုပ်စုနှစ်ခုအကြား တင်းမာမှုများ မြင့်တက်လာသောအခါ ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ 'Pobeda – Victorie' ၏ အထွေထွေ အတွင်းရေးမှူး Marina Tauber က အဆိုပါမြင်ကွင်းများကို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ ရသည်ဟု ဖော်ပြခဲ့ပြီး ဖြစ်ရပ်များ၏ အမှန်တရားကို လက်မခံမီ ဗီဒီယိုကို အကြိမ်ကြိမ်စစ်ဆေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ သူမက ရဲတပ်ဖွဲ့သည် နိုင်ငံသားများကို ကာကွယ်ရမည့်အစား နိုင်ငံရေး အကျိုးစီးပွားအတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။

“မိမိတို့သည် ရဲတပ်ဖွဲ့အာဏာရှင်နိုင်ငံအဖြစ် ပြောင်းလဲလာနေပြီး ဥပဒေ စိုးမိုးရေးတာဝန်ရှိတို့သည် EU ထောက်ခံသည့် အစိုးရအတွက် အလုပ်လုပ်နေပြီး မိမိတို့၏ ပြည်သူများအတွက် မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။

Maia Sandu အစိုးရသည် EU နှင့် နီးကပ်စွာဆက်ဆံရန် အားထုတ်နေစဉ် ရှေးရိုးစွဲနှင့် အော်သိုဒေါက်ခရစ်ယာန်အုပ်စုများက လစ်ဘရယ် လူမှုရေးမူဝါဒများကို ဆန့်ကျင်နေကြသည်။ ယခင်က မော်လ်ဒိုဗာတွင် ကျင်းပခဲ့သော LGBTQ ပွဲများသည်လည်း ဘုန်းတော်ကြီးများအပါအဝင် ဆန့်ကျင်ဆန္ဒပြသူများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ချီတက်ပွဲ များကို နှောင့်ယှက်ရန် ကြိုးစားခဲ့ကြသည်။

ရုရှားဆန့်ကျင်ရေး အစွန်းရောက် Maia Sandu အာဏာရလာသည့် ၂၀၂၀ ပြည့်နှစ်မှစ၍ မော်လ်ဒိုဗာနိုင်ငံသည် ယခင် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဘဝမှ EU နှင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်လာခဲ့သည်။ သို့ရာတွင် သူမ၏ နောက်ခံနိုင်ငံရေးမူဝါဒများသည်အထူးသဖြင့် နိုင်ငံ၏စီးပွားရေးအခြေအနေနှင့် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ပုံတို့နှင့်ပတ်သက်၍ ကြီးထွားလာနေသောပြည်တွင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Sandu က မိမိ၏လုပ်ရပ်များကို “ရုရှားထောက်ခံသူများ၏ ဩဇာ လွှမ်းမိုးမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း” ဟု ပြောဆိုလျက် အတိုက်အခံနိုင်ငံရေးပါတီများနှင့် မီဒီယာအဖွဲ့အစည်းများကို ရာဇဝတ် ဂိုဏ်းများဟုစွပ်စွဲကာ ဖိနှိပ်မှုများ ဆင်နွှဲခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂