အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်၏ မြေအောက် နျူကလီးယား စက်ရုံများကို ဖျက်ဆီးရန် ကြိုးပမ်းပါက ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဟု လေ့လာမှုတစ်ခုကဆိုသည်

News Image

  • အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်၏ မြေအောက် နျူကလီးယား စက်ရုံများကို ဖျက်ဆီးရန် ကြိုးပမ်းပါက ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဟု လေ့လာမှုတစ်ခုကဆိုသည်

သောကြာ (ဇွန် ၁၃) နေ့မှစတင်ကာ အစ္စရေးတပ်များက အီရန် စစ်ရေး အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်မှုများတွင် နျူကလီးယား စက်ရုံများလည်း ပါဝင်ခဲ့ပြီး ယင်းဖြစ်စဉ်က အီရန်၏နျူကလီးယားစီမံကိန်းကို အပြီးတိုင်ဖျက်ဆီးနိုင်ဖွယ်ရှိ၊မရှိ မေးခွန်းများကို ပြန်လည် အသက်ဝင်စေခဲ့ပြီး Royal United Services Institute ၏ မတ်လအတွင်း အစီရင်ခံစာအရ ယင်းကဲ့သို့ပြုလုပ်ရန် မလွယ်ကူကြောင်း ဖော်ပြထားသည်။

အီရန်၏ အဓိကနျူကလီးယား လောင်စာချက်လုပ်ရေးစက်ရုံများသည် ရည်ရွယ်ချက်ရှိရှိ မြေအောက်နက်ရှိုင်းစွာတည်ဆောက်ထားသောကြောင့်ယင်းတို့ကို ထိုးဖောက်ရန် အတော်အတန်များပြားသည့် လက်နက်အင်အားနှင့် အမေရိကန်၏ အကူအညီလိုအပ်မည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်သည့်တိုင် အခက်အခဲများရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

အစီရင်ခံစာက သတိပေးထားသည်မှာ ယင်းကဲ့သို့သော အခက်အခဲများ နှင့် ရန်စမှုပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် ပဋိပက္ခ အရှိန်မြင့်တက် လာနိုင်သည့် အန္တရာယ်တို့ကြောင့် အဏုမြူသန့်စင်ရေးစက်ရုံများကို တိုက်ခိုက်မှုသည် နောက်ဆုံးရွေးချယ်စရာအဖြစ်သာ ရှိနေသင့်သည် ဟူ၍ ဖြစ်သည်။

အစ္စရေး၏တိုက်ခိုက်မှုများတွင် Natanz ရှိ အဓိက အဏုမြူ သန့်စင်ရေး စက်ရုံပါဝင်သော်လည်း အစ္စရေး၏လက်နက်များက မြေအောက်တွင် တည်ဆောက်ထားသည့် စက်ရုံအား မည်မျှထိရောက်စွာ ပစ်ခတ်နိုင်မည် ကို မသိရသေးပေ။

Natanz ရှိ မြေအောက်အဏုမြူသန့်စင်ရေးစက်ရုံများသည် မည်မျှ နက်ရှိုင်းစွာတည်ရှိသည်ကို တိကျစွာမသိရသော်လည်း အချို့ခန့်မှန်းချက် များအရ ၈ မီတာ (ပေ ၂၆) နက်ရှိုင်းကြောင်း ဖော်ပြထားသည်။ 

မြေမျက်နှာသွင်ပြင်အောက်တွင် မာကျောသည့်ကွန်ကရစ်များ မည်မျှ ပါဝင်သည်နှင့် မြေဆီလွှာ၏ဖွဲ့စည်းပုံပေါ်မူတည်၍ အစ္စရေးတွင် ၆ မီတာ အနက်အထိ ထိုးဖောက်နိုင်သည့် ဗုံးများသာရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

အီရန်၏ ဒုတိယအရေးကြီးဆုံး အဏုမြူသန့်စင်ရေးစက်ရုံဖြစ်သည့် Fordow စက်ရုံမှာ ပို၍နက်ရှိုင်းသောအနက်တွင် တည်ရှိသည်ဟု ယူဆရသည်။

Fordow စက်ရုံ၏အနက်ကို တိကျစွာမသိရသော်လည်း ခန့်မှန်းချက် များအရ ၈၀ မှ ၉၀ မီတာ (၂၆၂ မှ ၂၉၅ ပေ) အထိနက်ရှိုင်းကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်၏ GBU-57 ကြီးမားသည့် ထိုးဖောက်နိုင်သောဗုံးများဖြင့်ပင် ယင်းအနက်ကို မထိရောက်နိုင်ဘဲ (GBU-57 ဗုံးများသည် မီတာ ၆၀ ခန့်သာ ထိုးဖောက်နိုင်သည်) ထိုထက် ပိုမိုပြင်းအားရှိသော ဗုံးများဖြင့်တိုက်ခိုက်မှသာ ထိရောက်မည်ဖြစ်သည်။

ထို့အပြင် GBU-57 ဗုံးများကို အမေရိကန်လေတပ်၏ B-2 ဗုံးကြဲ လေယာဉ်ကြီးများမှသာ သယ်ဆောင်တိုက်ခိုက်နိုင်ပြီး အမေရိကန်က ဗုံးများ ပေးအပ်သည့်တိုင်အောင် အစ္စရေးတွင် ယင်းကဲ့သို့သော လေယာဉ် မျိုး မရှိပေ။

အစီရင်ခံစာအရ အကြီးဆုံးဗုံးများဖြင့်ပင် အီရန်တွင် ခုခံကာကွယ်နိုင်သည့် အခြားနည်းလမ်းများရှိနေသေးကြောင်းသိရှိရပါသည်။ 

ပြင်းထန်သော ပေါက်ကွဲမှုဒဏ်ခံနိုင်သည့် ထူထဲသည့်တံခါးများ၊ အကာအကွယ်များ၊ မြွေလိမ်မြွေကောက် နက်ရှိုင်းစွာ ဆောက်လုပ်ထားသည့် စနစ်များအရ အီရန်၏ အဏုမြူသန့်စင်ရေးစက်ရုံများကို ဖျက်ဆီးနိုင်ရန် များစွာခက်ခဲမည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ကိုးကား- CNN

Photo: Foreign Policy

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂