ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင် သင်္ဘော မကြာမီကာလတွင် တရုတ်ရေတပ်၌ တာဝန်ထမ်းဆောင်မည်ဟု ခန့်မှန်း

News Image

  • ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင် သင်္ဘော မကြာမီကာလတွင် တရုတ်ရေတပ်၌ တာဝန်ထမ်းဆောင်မည်ဟု ခန့်မှန်း

လူမှုမီဒီယာများတွင် ထွက်ပေါ်လာနေသည့်ဓာတ်ပုံအသစ်များ အရ ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင်သင်္ဘောသည် မကြာမီကာလတွင် တရုတ်ရေတပ်၌    တာဝန် ထမ်းဆောင်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

အလားတူ တရုတ်နိုင်ငံပိုင်သတင်းဌာန တစ်ခုကလည်း ဖူကျန့်အမည်ရှိလေယာဉ်တင်သင်္ဘောသည် တရုတ်ရေတပ်အတွက် တတိယမြောက် လေယာဉ်တင်သင်္ဘော ဖြစ်လာတော့မည်ဟု    အရိပ်အမြွက် ပြောထားသည်။

အွန်လိုင်းပေါ်မှ မြင်တွေ့ရသောဂြိုဟ်တု ဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လေယာဉ်များအတွက် ဆေးသုတ်ထားသည့် နေရာအသစ် ၃၆ ခု ကိုမြင်တွေ့ရသည်။   ထိုနေရာများကို ကြည့်ခြင်းအားဖြင့် ဖူကျန့်လေယာဉ်တင်သင်္ဘောသည် ရေတပ်ကလက်ရှိ အသုံးပြုနေသော လေယာဉ်တင်သင်္ဘောများထက် ပိုမိုများပြားသည့်   လေယာဉ်များကို တင်ဆောင်နိုင်မည်ဟု ယုံကြည်ရသည်။

ထိုအမှတ်အသားများသည် ဖူကျန့်ကို တပ်တော်သွင်းရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ တပ်တော်သွင်းပြီးနောက် ထိုသင်္ဘောနှင့်လေယာဉ်တို့ကြား သဟဇာတဖြစ်စေရေးနှင့်  အခြားလက်နက်များကို စမ်းသပ်နိုင်ရေးတို့ အတွက် လေယာဉ်တင်သင်္ဘောကို    လက်တွေ့စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်း တရုတ်တပ်မတော်မှ နည်းပြဟောင်း တစ်ဦးဖြစ်သည့် ဆုန်ကျောင့်ပင်းက မှတ်ချက် ပြုပြောထားသည်။

ဒုတိယမြောက် တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောဖြစ်သော ဖူကျန့်သည် အမေရိကန်ရေတပ်ပြီးနောက် လျှပ်စစ်သံလိုက်စနစ်ဖြင့် လေယာဉ်လွှတ်တင် စနစ်နှင့် ပြန်လည်ဖမ်းယူသည့်စနစ်တို့ကို ပထမဆုံး တပ်ဆင်ထားသည့် လေယာဉ်တင်သင်္ဘော ဖြစ်လာကြောင်း သိရသည်။

MWD Web Portal