အစ္စရေးက အီရန် ခေါင်းဆောင်ကို လုပ်ကြံမည့် အစီအစဉ်အား အကောင်အထည်မဖော်ရန် ထရမ့် ဟန့်တား

News Image

  • အစ္စရေးက အီရန် ခေါင်းဆောင်ကို လုပ်ကြံမည့် အစီအစဉ်အား အကောင်အထည်မဖော်ရန် ထရမ့် ဟန့်တား

အီရန်နိုင်ငံ ခေါင်းဆောင် အရာတိုလာ အလီ ခါမီနီအား အစ္စရေးက လုပ်ကြံမည့် အစီအစဉ်အား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်သည်ဟု အမေရိကန် အရာထမ်း ၃ ဦးက ဘီဘီစီ ၏ မိတ်ဖက် အမေရိကန်အစိုက် စီဘီအက်စ် သတင်းဌာနသို့ ပြောကြားလိုက်ပါသည်။

သမ္မတ ထရမ့်က ခါမီနီအားလုပ်ကြံမည့် အစီအစဉ်သည် “မကောင်းသည့် စိတ်ကူး” ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုထံသို့ ပြောကြားလိုက်ကြောင်း အဆိုပါ အရာထမ်း တစ်ဦးက ဆိုပါသည်။   ထိုကဲ့သို့ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ သမ္မတက တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပါ။ အစ္စရေးက အီရန်သို့ တိုက်လိုက်ခဲ့သည့် သောကြာနေ့ (ဇွန် ၁၃) က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

Fox သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်း နေတန်ယာဟုက အရာတိုလာအား လုပ်ကြံမည့်အစီအစဉ်နှင့်ပတ်သက်၍ တိုက်ရိုက် ငြင်းဆိုခြင်းမရှိသလို၊ အတည်ပြုခဲ့ခြင်းလည်း မရှိပါ။ “ပြောစကားများနှင့် စပ်လျဉ်း၍ သတင်းအမှားများစွာရှိပါကြောင်း၊ မိမိအနေဖြင့် ဖြေရှင်းလိုခြင်း မရှိကြောင်း” “ဒါပေမယ့် မိမိပြောနိုင်သည်က မိမိတို့အနေဖြင့် လုပ်သင့်သည့်ကိစ္စလုပ်ခြင်း ဖြစ်ပါသည်၊ အမေရိကန် ပြည်ထောင်စုကလည်း ဘယ်လိုလုပ်သင့်လဲဆိုတာ သိမှာပါ” ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြား ပါသည်။

 “မူအားဖြင့်” အစ္စရေးက “နိုင်ငံရေး ခေါင်းဆောင်များကို သတ်ဖြတ်ရန် အစီအစဉ်မရှိပါသော်လည်း စစ်ဘက်ဆိုင်ရာနှင့် နျူကလီးယား ပစ်မှတ်များကိုတော့ အလေးပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်နှင့်ပတ်သက်ပြီး တစ်ယောက်ယောက်က ဆုံးဖြတ်ချက်ချလိုက်ရင်ဖြင့် မိမိအထင်တော့ မည်သူမျှ သက်သာမှာတော့မဟုတ်ပါ” ဟု အစ္စရေးအရာထမ်းတစ်ဦးက စီဘီအက်စ် သတင်းဌာနသို့ ပြောကြားပါသည်။

အစ္စရေးသည် သောကြာနေ့ (ဇွန် ၁၃) က အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံနှင့် အခြား ပစ်မှတ်များကို ဦးစွာပစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အပြန်အလှန် အလုံးအရင်းဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းသည် တနင်္ဂနွေနေ့ (ဇွန် ၁၆) အထိဆိုလျှင် သုံးရက်တိုင်ပြီဖြစ်ပါသည်။

အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍ တင်းမာမှု ပြင်းထန်နေသည့် အပေါ် ထရမ့်က ၎င်း၏ Truth လူမှုကွန်ယက်တွင် “အီရန်နှင့် အစ္စရေးတို့အကြား၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့ ညှိနှိုင်းမှု ပြုလုပ် သင့်ကြောင်း” လတ်တလောဖြစ်ပွားခဲ့သည့် နိုင်ငံများအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ရည်ညွှန်း ပြောကြားခဲ့ပါသည်။

ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေးသို့ မထွက်ခွာမီ အမေရိကန်နိုင်ငံ အနေဖြင့် အစ္စရေးကို ဆက်လက်ထောက်ပံ့နေဦးမည်ဖြစ်ကြောင်း၊ အီရန်ကို တိုက်ခိုက်နေခြင်းကို လျော့ဖို့တော့ ပြောမည်ဖြစ်ကြောင်း သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့ပါသည်။   အမေရိကန်-အီရန် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၆) က ပြုလုပ်ရန် စီစဉ် ထားသော်လည်း ကြားဝင်စေ့စပ်ပေးသည့် အိုမန်နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ ဆွေးနွေးပွဲ ပျက်သွားပြီ ဖြစ်ကြောင်း ဆွေးနွေးပွဲမတိုင်မီ တစ်ရက်ကပြောကြားပါသည်။   

ကာတာနှင့်အိုမန်တို့သည် အစ္စရေးမှ တိုက်ခိုက်နေသည့်တိုင် အပစ်ရပ်ရေးအတွက် ညှိနှိုင်း ဆွေးနွေးရန် လမ်းမဖွင့်ပေးကြကြောင်း အရာထမ်းတစ်ဦးက တနင်္ဂနွေနေ့ (ဇွန် ၁၆) က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ “အီရန်ကို တိုက်ခိုက်ခြင်းအတွက် အမေရိကန်အနေဖြင့် ဘာမျှ မလုပ်ထားပါ၊ အကယ်၍ မိမိတို့ကို တိုက်ခိုက်ဖို့ တနည်းနည်းဖြင့် အီရန်က ပြုလုပ်လာပါက အမေရိကန် တပ်သားများကလည်း အင်ပြည့်အားပြည့် မကြုံစဖူးသည့် အဆင့်နှင့် လက်တုန့်ပြန်မှာ ဖြစ်ကြောင်း” ဟု စနေနေ့ တွင် သတိပေးစကား သမ္မတထရမ့်က ပြောကြားလိုက်ပါသည်။

ကိုးကား - BBC

ဘာသာပြန်ဆိုသူ-ဦးခိုင်ထွဋ်လှ