ရုရှားစစ်တပ်က ယူကရိန်း၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု စက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

News Image

  • ရုရှားစစ်တပ်က ယူကရိန်း၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု စက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားစစ်တပ်သည် ယူကရိန်း၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အင်္ဂါနေ့ (ဇွန် ၁၇) တွင် ထုတ်ပြန်သော ကြေညာချက်၌ အဆိုပါ တိုက်ခိုက်မှုတွင် ကြည်း၊ရေ၊လေ အခြေစိုက် အဆင့်မြင့်တိကျသော လက်နက်များနှင့် ဒရုန်းများ ပါဝင်ပြီး ကိယက်ဗ်ဒေသနှင့် ဇာပိုရိုဇီးယား ဒေသရှိ စစ်ဘက်ဆိုင်ရာနေရာများနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစက်ရုံများကို ပစ်မှတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

“တိုက်ခိုက်မှု၏ ရည်မှန်းချက်အောင်မြင်ပြီး သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ပါသည်” ဟု ရုရှားအရာရှိများက ပြောကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက လူမှုကွန်ရက်တွင် အိုဒက်ဆာ၊ ချာနီဂါဗ်၊ ဇီတိုမီယာ၊ ကီရိုဗိုဂရတ်နှင့် နီကိုလာယက် ဒေသများရှိ အဆောက်အအုံများကို ဒရုန်း ၄၄၀ ကျော်နှင့် ဒုံးကျည် ၃၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၅ ဦးသေဆုံးကာ ၇၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းမှ “အမေရိကန်နှင့် ဥရောပသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ခုအနေဖြင့် အကြမ်းဖက်သမားများကို တုံ့ပြန်သင့်သည့်အတိုင်း နောက်ဆုံးတွင်တုံ့ပြန်ရန်” တိုက်တွန်းခဲ့သည်။

ယူကရိန်းသတင်းဌာန Strana.ua က တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ကိယက်ဗ်ဒေသတွင်း လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ယူကရိန်းမြို့တော်ရှိ လေကြောင်းတက္ကသိုလ်အတွင်းမှ အဆောက်အဦတစ်ခုလည်း ဒုံးကျည်ထိမှန် ခံခဲ့ရသည်ဟုဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂