မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်

News Image

  • မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်

17 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ပညာရေးကဏ္ဍ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိတည်းခိုနေထိုင်လျက်ရှိသော ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူများဖြစ်ကြသော မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မယမင်းသူ၊ မတိုးအိဝေ၊ မမြမြသက်နှင့် မောင်ချမ်းမြေ့အောင်တို့ ခြောက်ဦးသည် ဇွန် ၁၆ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ညောင်ဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် အဆိုပါစာစစ်ဌာနအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဇွန် ၁၆ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများဖြစ်ကြသော မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်း၊ မောင်တင်ဦးလှိုင်တို့ သုံးဦးနှင့် မခင်သက်ထားပါ ခြောက်ဦးတို့၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအား ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ မိဘများနှင့်အတူ ၎င်းတို့၏နေထိုင်ရာ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာသို့ ပြန်သွားကြောင်း သိရှိရပါသည်။
 အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA