မွန်ပြည်နယ်၊ သထုံမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

17 June 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာအနီး ဒုံးဝန်းဘူတာနှင့် ကရင်လေးဆိပ်ကျေးရွာကြားရှိ ရထားလမ်း မိုင်တိုင်အမှတ် ၁၂၃ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ရန်ကုန်-မော်လမြိုင် ရထားသံလမ်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က မိုင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ် ရထားသံလမ်းဘေးမှ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် သထုံမြို့နယ်၊ ထောင်မှူးကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့် ဦးဉာဏ်ဇော်ဦး(၃၆)နှစ်နှင့် ဦးဝင်းသူ(၃၅)နှစ်တို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးနေစဉ် ဦးဉာဏ်ဇော်ဦးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲခဲ့မှုကြောင့် ရထားသံလမ်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA