အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းရှိ လေယာဉ်အချို့နှင့် သင်္ဘောအချို့ကို ရွှေ့ပြောင်းထားဟု ကာကွယ်ရေးအရာရှိများပြောဆို

News Image

  • အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းရှိ လေယာဉ်အချို့နှင့် သင်္ဘောအချို့ကို ရွှေ့ပြောင်းထားဟု ကာကွယ်ရေးအရာရှိများပြောဆို

ကာကွယ်ရေးအရာရှိနှစ်ဦး၏ ပြောကြားချက်အရ အစ္စရေးနှင့် အီရန် အကြား ပဋိပက္ခကျယ်ပြန့်နေစဥ်တွင် အမေရိကန်စစ်တပ်သည် အရှေ့ အလယ်ပိုင်းရှိ ၎င်းတို့၏စစ်အင်အားနှင့် ပစ္စည်းများကို ကာကွယ်ရန် အဆင့်များစွာဆောင်ရွက်ခဲ့သည်။ ၎င်းတွင် ကာတာရှိ Al Udeid လေတပ် ၏ အကာအရံမဲ့လေယာဉ်အားလုံးကို ရွှေ့ပြောင်းခြင်းနှင့် ဘာရိန်းတွင် တပ်စွဲထားသော အမေရိကန်ရေတပ်သင်္ဘောများကို ရွှေ့ပြောင်းခြင်းတို့ ပါဝင်သည်ဟု သိရှိရပါသည်။

ထို့အပြင် US Central Command သည် ဒေသတွင်း သွေးသိုလှောင်မှု အပိုများကို ကြိုတင်စုဆောင်းထားကြောင်း အရာရှိများနှင့် နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်အင်အား တိုက်ခိုက် နိုင်ခြေရှိသည့်အခါတိုင်း ကျင့်သုံးလေ့ရှိသော စံလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

အရာရှိတစ်ဦးက အဆိုပါပြောင်းလဲမှုများအား အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို အစ္စရေးနှင့်အတူ တိုက်ခိုက်ရန် ဆုံးဖြတ်ပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်သည်များနှင့်စခန်းများကို အီရန်က တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်အချိန်တွင် သတိထား၍ အစီအမံ ကြိုတင်ပြုလုပ်ထားခြင်းဟု ဖော်ပြခဲ့သည်။

အကာအရံမဲ့ အမေရိကန်လေယာဉ်များကို ယခုသီတင်းပတ် အစောပိုင်း တွင် ကာတာရှိ Al Udeid လေတပ်စခန်းမှ ရွှေ့ပြောင်းခဲ့ကြောင်း ဂြိုလ်တု ဓာတ်ပုံများတွင် လေယာဉ်မရှိတော့သည်ကို တွေ့ရပြီးနောက် အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။ ထို့အပြင် ဘာရိန်းရှိ Naval Support Activity (အမေရိကန်ရေတပ်၏ အခြေစိုက်စခန်း) တွင် ရှေ့တန်း တပ်စွဲ ထားသော အမေရိကန်ရေတပ်သင်္ဘောအားလုံးသည်လည်း ယခုသီတင်းပတ် အစောပိုင်းတွင် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည်။ တင်းမာမှုမြင့်တက် နေစဥ်ကာလအတွင်း ထိုလေယာဉ်များနှင့် သင်္ဘောများကို မည်သည့် နေရာသို့ ရွှေ့ပြောင်းထားသည်ကိုမူ မသိရသေးပေ။

(CNN ၏သတင်းအရ သမ္မတ Donald Trump သည် အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်ရန် မဆုံးဖြတ်ရသေးပေ။ သို့သော် အကယ်၍ ၎င်းက တိုက်ခိုက်ပါက တီဟီရန်က အမေရိကန်ကို တိုက်ရိုက်ပြန်လည်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသည်။ အီရန်တွင် အမေရိကန်စစ်အင်အားနှင့် စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်နိုင်သည့် ကြားခံအဖွဲ့များစွာ ရှိနေသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် အီရန်မှထောက်ခံသော Shia မွတ်စ်လင်အဖွဲ့က ဆီးရီးယား-အီရတ်နယ်စပ်ရှိ အမေရိကန်စခန်း Tower 22 ကို ဒရုန်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်စစ်သား ၃ ဦးသေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာ ရခဲ့သည်။)

ကိုးကား- CNN

Photo: Arab News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂