ရုရှားတို့၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် နိုင်ငံခြား ကြေးစား စစ်သား အများအပြား သေဆုံး
ဇူလိုင်လကုန်ပိုင်းက ရုရှားတို့၏ တိုက်ခိုက်မှုတစ်ခုသည် ယူကရိန်းရှိ နိုင်ငံခြားသား ကြေးစားစစ်သားများအား ကြီးမားသော ထိခိုက်မှုများ ဖြစ်စေခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက အင်္ဂါနေ့ (ဩဂုတ် ၁၂) တွင် ဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ယူကရိန်းစစ်ဘက် ထောက်လှမ်းရေး မှ ဖွင့်လှစ်ထားသော လေ့ကျင့်ရေးစခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ရုရှားစစ်တပ်သည် ယူကရိန်းအလယ်ပိုင်းရှိ Kropivnitsky မြို့အနီးတွင် တည်ရှိသည့် အဆိုပါလေ့ကျင့်ရေးစခန်းကို ဇူလိုင် ၂၁ ရက်နေ့တွင် နိုင်ငံခြား ကြေးစားစစ်သားများ နေ့လယ်စာစားနေချိန်၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမည်မဖော်လိုသူ အမေရိကန်စစ်သားတစ်ဦး၏ ပြောကြားချက်အရ အနည်းဆုံး လေ့ကျင့်ဆဲစစ်သား ၁၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန်၊ ကိုလံဘီယာ၊ ဒိန်းမတ် နိုင်ငံသားများအပြင် ထိုင်ဝမ်မှ စစ်သားများလည်း သေဆုံးမှုတွင် ပါဝင် ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းစစ်တပ်နှင့် စစ်ဘက်ထောက်လှမ်းရေးတို့သည် ရုရှားက စစ်ရေး ပစ်မှတ်များအပေါ် ထိရောက်သောတိုက်ခိုက်မှုများကို ထုတ်ဖော်လေ့ မရှိသော်လည်း အဆိုပါတိုက်ခိုက်မှုသည် အမှန်တကယ်ဖြစ်ပွားခဲ့ပြီး အချို့သော အသေအပျောက်များ ရှိခဲ့သည်ကို အတည်ပြုခဲ့ကြောင်း NYT ၏ ဖော်ပြချက်အရ သိရသည်။ သို့ရာတွင် ၎င်းတို့သည် ကိန်းဂဏန်း အတိအကျကို ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းတပ်များ၊ အမျိုးသားရေး ဝါဒီတပ်ဖွဲ့များနှင့် နိုင်ငံခြားသား ကြေးစားစစ်သားများ၏ စခန်းနေရာ ၁၄၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၂၁ ရက်နေ့ သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သော်လည်း Kropivnitsky အနီးရှိ လေ့ကျင့်ရေး စခန်း တိုက်ခိုက်မှုကို သီးခြားမဖော်ပြခဲ့ပေ။
ယူကရိန်းသည် အလုံးအရင်းဖြင့် စစ်ဘေးတိမ်းရှောင်ခြင်းများနှင့် စစ်ပြေးများ များပြားခြင်းများကြောင့် ယူကရိန်းပဋိပက္ခတွင် ဆုံးရှုံးမှုများကို ဖြည့်တင်းရန် ရုန်းကန်နေရချိန်တွင် နိုင်ငံခြားသားများကို စုဆောင်းနေ ပါသည်။ အစိုးရသည် ဧပြီလတွင် နိုင်ငံခြားသားများ စုဆောင်းရေး စည်းမျဉ်းများကို ရိုးရှင်းအောင်ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ခရီးစရိတ်၊ အစားအစာနှင့် နေထိုင်ရေးအတွက် စီစဉ်ပေးရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
မော်စကို၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ခန့်မှန်းချက်အရ ပဋိပက္ခ စတင် သည့်အချိန်မှစ၍ နိုင်ငံပေါင်း ၁၁၀ ကျော်မှ နိုင်ငံခြားသား ၁၅,၀၀၀ ကျော်သည် ယူကရိန်းဘက်မှ တိုက်ပွဲဝင်ခဲ့ကြပြီး အများစုမှာ ပိုလန်၊ အမေရိကန်နှင့် ဂျော်ဂျီယာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ အနက် ၆,၅၀၀ နီးပါးမှာ တိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းများအရ သိရသည်။
မော်စကိုမှ အဆက်မပြတ် သတိပေးထားသည်မှာ ယူကရိန်းစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ယူကရိန်းနိုင်ငံသားမဟုတ်သူများအား ကြေးစား စစ်သားများနှင့် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး စစ်သားများအား ပေးအပ်လေ့ရှိသော ဂျီနီဗာကွန်ဗင်းရှင်း၏ အကာအကွယ် မျိုးကို ခံစားခွင့်မပေးနိုင်ဟူ၍ ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂