အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်
အမေရိကန်က အီရန်၏နျူကလီးယား အဆောက်အအုံသုံးခုကို တိုက်ခိုက်လိုက် ပြီးနောက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
အမေရိကန်တပ်မတော်သည် တာဝေးသွား B2 အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ အသုံးပြု၍ အီရန်နိုင်ငံ၏ အထင်ကရနျူကလီးယား အဆောက်အအုံများဖြစ်သော ဖော်ဒိုး၊ နာတန့်နှင့် အက်စဖာဟန်နေရာတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်တွင်ပြောသည်။
ထို့နောက် ထရမ့်က အီရန်နိုင်ငံအနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးကိုလက်ခံရတော့မည်ဖြစ်ကြောင်း၊ လက်မခံပါက ယခုတိုက်ခိုက်မှုထက် ပိုမိုဆိုးဝါးသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရစေမည်ဖြစ်ကြောင်း နိုင်ငံတော် မိန့်ခွန်းတွင် ပြောထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်၏ တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့တိုက်ခိုက်ခြင်း ကြောင့် အမေရိကန်အနေဖြင့် အဆုံးမဲ့ အကျိုးဆက်များကို ခံစားရစေမည်ဖြစ် ကြောင်း အီရန်အစိုးရက ဇွန်လ ၂၂ ရက် တွင်ပြောသည်။
ထို့ပြင် အမေရိကန်ဘက်က ယခုကဲ့သို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်တွေးထားကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါနေရာများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ သန့်စင်ပြီး ယူရေနီယံများကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း၊ ပြန်မရနိုင်သော မည်သည့်ဆုံးရှုံးမှုမျှ မရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အံ့ဩမှုစိုးစဉ်းမျှမဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ အကြံပေး မက်ဒီမိုဟာ မက်ဒီက ပြောထားသည်ဟု သိရသည်။
MWD Web Portal