ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီဟု WSJ သတင်းဌာနက ဖော်ပြ

News Image

  • ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီဟု WSJ သတင်းဌာနက ဖော်ပြ

သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ကို တိုက်ရိုက်တိုက်ခိုက်ရန် အမေရိကန် ၏စီမံချက်များကို လျှို့ဝှက်စွာ အတည်ပြုခဲ့သော်လည်း ဆက်လက် ဆောင်ရွက်ရန် အမိန့်မပေးရသေးကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။ တီဟီရန်မှ အမေရိကန်၏ မည်သည့် စစ်ရေးဝင်ရောက်စွက်ဖက်မှုကိုမဆို ပြန်လည်ပြုပြင်မရနိုင်သော ပျက်စီး စေမှုဖြင့် တုံ့ပြန်မည်ဟု သတိပေးခဲ့သည်။

အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေး၏ တစ်ပတ် နီးပါးကြာမြင့်သည့် ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်လာနိုင်ခြေကို အသုံးပြု၍ တီဟီရန်အား ၎င်း၏သတ်မှတ်ချက်များကို ကန့်သတ်ချက်မရှိ လိုက်နာ စေရန် ဖိအားပေးမည်ဟု WSJ မှ ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် ရေးသား ဖော်ပြခဲ့သည်။

ထရမ့်သည် ဝါရင့်အကြံပေးများအား အီရန်ကိုတိုက်ခိုက်ရန် အစီအစဉ် များကို အတည်ပြုပေးခဲ့ကြောင်း အင်္ဂါနေ့ (ဇွန် ၁၇) ညနှောင်းပိုင်းတွင် ပြောကြားခဲ့သော်လည်း တီဟီရန်မှ ၎င်း၏နျူကလီးယားချဲ့ထွင်မှု အစီ အစဉ်ကို လုံးဝရပ်ဆိုင်းရန် သဘောတူမည်/မတူမည်ကို ရှင်းလင်းစွာ သိရှိပြီးမှသာ နောက်ဆုံးအမိန့်ပေးရန် စောင့်ဆိုင်းနေကြောင်း ဆွေးနွေးမှု များနှင့်ရင်းနှီးသော အရင်းအမြစ်များကို ကိုးကား၍ သတင်းဌာနမှ ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သမ္မတသည် ၎င်း၏အကြံပေးများအား အမေရိကန်၏ Massive Ordnance Penetrator (MOP) ဗုံးများဖြင့် တောင်အတွင်း နက်ရှိုင်းစွာတည်ရှိသော အီရန်၏ Fordow နျူကလီးယားစက်ရုံကို ထိုးဖောက်ဖျက်ဆီးနိုင်မှု ရှိ/မရှိ မေးမြန်းခဲ့ကြောင်း Axios သတင်းဌာနမှ မျှဝေခဲ့သည်။

အစ္စရေးတွင် ပေါင် ၃၀,၀၀၀ (၁၃,၆၀၀ ကီလိုဂရမ်) လေးသော ဘန်ကာ ဖျက်ဗုံးများနှင့် ၎င်းတို့ကိုသယ်ဆောင်နိုင်သည့် လေယာဉ်များ မရှိသော် လည်း Fordow စက်ရုံပျက်စီးမှုမရှိသရွေ့ ပဋိပက္ခကိုရပ်စဲမည်မဟုတ်ဟု အစ္စရေးအရာရှိများကပြောကြားခဲ့သည်။

MOP ဗုံးများကိုသယ်ဆောင်နိုင်သည့် တစ်ခုတည်းသော ဗုံးကြဲ လေယာဉ် များဖြစ်သည့် အမေရိကန် B-2 Spirit လေယာဉ် ၆ စီးကို ယူကေ-အမေရိကန်ပူးပေါင်းအခြေစိုက် Diego Garcia စခန်းတွင် အီရန်အား တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း တပ်စွဲထားကြောင်း Financial Times ကဖော်ပြခဲ့သည်။

ထိုဗုံးကြဲလေယာဉ်များ၏ တိုက်ခိုက်မှုများသည် ယူကေအား ပဋိပက္ခတွင်းသို့ ဆွဲသွင်းနိုင်သည်ဟု ဒေါင်းနင်းလမ်း (ယူကေအစိုးရ) က စိုးရိမ် နေကြောင်း သတင်းဌာနမှဖော်ပြခဲ့သည်။

အမေရိကန်သည် လတ်တလောရက်များအတွင်း အရှေ့အလယ်ပိုင်း ဒေသတွင် ၎င်း၏စစ်အင်အားများကို ပိုမိုစုစည်းလာခဲ့ပြီး လေယာဉ်ဆီဖြည့်ရန် လေယာဉ်ဆီတင်သင်္ဘောများ၊ လေကြောင်းကာကွယ်ရေး စွမ်းရည်ရှိသော စစ်သင်္ဘောများနှင့် တိုက်လေယာဉ်တင် သင်္ဘောအုပ်စု နောက်ထပ်တစ်ခုကို ရွှေ့ပြောင်းခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂