သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများအပြီး အီရန်နိုင်ငံတစ်ဝှမ်းလုံး အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများလုပ်ဆောင်ရန် လှုံ့ဆော်

News Image

  • သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများအပြီး အီရန်နိုင်ငံတစ်ဝှမ်းလုံး အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများလုပ်ဆောင်ရန် လှုံ့ဆော်

သောကြာနေ့ (ဇွန် ၂၀) တွင် အစ္စရေး၏တိုက်ခိုက်မှုများအပေါ် နိုင်ငံသားများ၏ အမျက်ဒေါသကိုပြသရန်နှင့် အီရန်၏ အောင်ပွဲဆီသို့ရှေးရှုသည့် ထောက်ခံဆန္ဒပြချီတက်ပွဲများတွင် နိုင်ငံတစ်ဝှမ်းလုံးပါဝင်ရန် အီရန် နိုင်ငံသားများအား တိုက်တွန်းထားကြောင်း အီရန်မီဒီယာများ၏ ဖော်ပြချက် အရ သိရှိရသည်။ 

အီရန်နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများသည် အစ္စရေးကိုဆန့်ကျင်သည့် “ပြည်သူလူထု၏အမျက်ဒေါသ” ကို ပြသရန်နှင့် နိုင်ငံ၏ စစ်တပ်အား ထောက်ခံအားပေးသည့် ရပ်တည်မှုကိုပြသရန် စုစည်းကြမည်ဟု Tasnim သတင်းဌာနမှ မျှဝေထားသော ဆန္ဒပြပွဲပိုစတာ တစ်ခုအရ သိရှိရသည်။

ဆန္ဒပြချီတက်ပွဲများကို သောကြာနေ့ ဆွလာသ်ဝတ်ပြုပြီးနောက် ကျင်းပ မည်ဖြစ်သည်။ ဆွလာသ်ဝတ်ပြုခြင်းသည် အီရန်တွင် မွတ်စလင်များ အတွက် အရေးပါသော သီတင်းပတ်စဉ် ဘာသာရေးအခမ်းအနားဖြစ်ပြီး၊ အထူးသဖြင့် တင်းမာမှုမြင့်တက်နေသော အချိန်များတွင် လူအုပ်ကြီးများ စုရုံးလေ့ရှိသည်။ အီရန်၏ အစ္စလာမ္မစ်အစိုးရသည် ၎င်းကို နိုင်ငံရေး ဇာတ်ခုံအဖြစ် မကြာခဏ အသုံးပြုလေ့ရှိသည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီ သည် တီဟီရန်တွင် ကျင်းပလေ့ရှိသော သောကြာနေ့ဆွလာသ်ဝတ်ပြုပွဲများတွင် မကြာခဏ ပါဝင်လေ့ရှိပြီး၊ ထိုအခမ်းအနားများတွင် အမေရိကန်၊ အစ္စရေးနှင့် အနောက်နိုင်ငံများကို အပြင်းအထန် ဝေဖန်လေ့ရှိသည်။

သို့သော် ခါမေနီ၏ မည်သည့် အများပြည်သူမြင်ကွင်းရှေ့သို့ ထွက်ပေါ်မှု မဆို ၎င်းအတွက် အန္တရာယ်ရှိနိုင်သည်။ အစ္စရေးက ၎င်းကို ပစ်မှတ်ထားရန် အလားအလာကို ငြင်းဆိုခြင်းမရှိဘဲ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးအစ္စရေး ကတ်ဇ်က “ခါမေနီ ဆက်လက်တည်ရှိခွင့် မရှိ” ဟု ကြာသပတေးနေ့ (ဇွန် ၁၉) တွင် ပြောကြားခဲ့သည်။ 

ကိုးကား- CNN

Photo: The New York Times

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂