အစ္စရေးတွင် နျူကလီးယားလက်နက်စီမံကိန်းရှိကြောင်း IISS ဆို

News Image

  • အစ္စရေးတွင် နျူကလီးယားလက်နက်စီမံကိန်းရှိကြောင်း IISS ဆို

အစ္စရေးနိုင်ငံသည် ၎င်း၏နျူကလီးယား လက်နက်စီမံကိန်းကို တရားဝင် ထုတ်ဖော်ခြင်းမရှိခဲ့သော်လည်း ကျွမ်းကျင်သူများက ၎င်းသည် အရှေ့ အလယ်ပိုင်းဒေသတွင် အဆိုးဆုံးသော လျှို့ဝှက်ချက်ဖြစ်သည်ဟု ဆိုကြသည်။ အပြည်ပြည်ဆိုင်ရာမဟာဗျူဟာ လေ့လာရေးအင်စတီကျု (IISS) ၏ အဆိုအရ “အစ္စရေးသည် နျူကလီးယား လက်နက် ပိုင်ဆိုင်သည်ဟု အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းမပြုဘဲ ထူးခြားသော နိုင်ငံတစ်ခုဖြစ်သည်” ဟုဆိုသည်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) အရ အစ္စရေးသည် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားတို့အပါအဝင် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံကိုးနိုင်ငံထဲမှ တစ်ခုဖြစ်သည်။

အစ္စရေးသည် ၁၉၇၀ ခုနှစ် နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ် (NPT) ကို လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ ထို့အပြင် အရှေ့ အလယ်ပိုင်း ဒေသတွင် နျူကလီးယား/ဓာတု/ဇီဝလက်နက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးမပြုရေး ကတိကဝတ်ပြုသည့် ဇုန်တစ်ခု ထူထောင်ရန် သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများကိုလည်း ဆန့်ကျင်ခဲ့သည်။ သို့သော် ၁၉၆၃ ခုနှစ် အကန့်အသတ်ဖြင့် နျူကလီးယား စမ်းသပ်မှု တားမြစ်ရေးစာချုပ် (Limited Nuclear Test Ban Treaty) ကို လက်မှတ်ရေးထိုးအတည်ပြုထားပြီး၊ လက်မှတ်ရေးထိုးခဲ့သော နိုင်ငံများအား လေထု သို့မဟုတ် သမုဒ္ဒရာတွင် နျူကလီးယား စမ်းသပ်မှု မပြုလုပ်ရန် တာဝန် ရှိစေသည်။

အစ္စရေးသည် ၁၉၄၈ ခုနှစ်တွင် နိုင်ငံတည်ထောင်ခြင်း မတိုင်မီကတည်းက နျူကလီးယားလက်နက်ဖွံ့ဖြိုးရေးကို စတင်စူးစမ်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဒီမိုနာမြို့အနီး (Dimona) တွင် လျှို့ဝှက်နျူကလီးယား စမ်းသပ်စခန်း တစ်ခုတည်ဆောက်ခဲ့သည်။

အစ္စရေးသည် ၁၉၆၆ သို့မဟုတ် ၁၉၆၇ ခုနှစ်တွင် ပထမဆုံး နျူကလီးယားဗုံးကို စတင်တည်ဆောက်နိုင်ခဲ့သည်ဟု ယူဆရသည်။ ၁၉၆၈ ခုနှစ်တွင် အမေရိကန် ဗဟိုထောက်လှမ်းဌာန (CIA) က အစ္စရေး သည် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် အောင်မြင်စွာ စတင် နိုင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၁၉၇၉ ခုနှစ်တွင် အစ္စရေးသည် လျှို့ဝှက်နျူကလီးယား စမ်းသပ်မှုတစ်ခုကို လေထုတွင်ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသော်လည်း အစ္စရေး အစိုးရက ယင်းအချက်ကို ငြင်းဆိုခဲ့သည်။

အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Nuclear Threat Initiative (NTI) အရ အစ္စရေးတွင် နျူကလီးယားထိပ်ဖူး ၉၀ ခန့်ရှိပြီး နျူကလီးယားလက်နက် ၃၀၀ အထိ ထုတ်လုပ်နိုင်သည့် ဒြပ်စင်ပစ္စည်းများ ရှိသည်ဟု ယူဆရသည်။

SIPRI ၏ အဆိုအရ အစ္စရေးသည် ၎င်း၏ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော Jericho family ဒုံးပျံစနစ်စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် တွင် ပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ၎င်း၏ နျူကလီးယား လက်နက် များကို ခေတ်မီစေရန် အဆက်မပြတ် မွမ်းမံနေသည်ဟု ဆိုသည်။

ထို့အပြင် SIPRI က အစ္စရေးသည် ဒီမိုနာရှိ ပလူတိုနီယမ်ထုတ်လုပ်ရေး အဏုမြူစက်ရုံကိုလည်း အဆင့်မြှင့်တင်နေသည်ဟု ဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: News 13

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂