အီရန်က ကုလသမဂ္ဂ၏ နျူကလီးယား စာချုပ်အတွင်း လုပ်ဆောင်နေသည် ဟု ဆိုသော်လည်း ၎င်းသည် “လှည့်ဖြားမှုများနှင့် ပြည့်နှက်နေသည်” ဟု ဆန်းစစ်သူတစ်ဦးကဆို

News Image

  • အီရန်က ကုလသမဂ္ဂ၏ နျူကလီးယား စာချုပ်အတွင်း လုပ်ဆောင်နေသည် ဟု ဆိုသော်လည်း ၎င်းသည် “လှည့်ဖြားမှုများနှင့် ပြည့်နှက်နေသည်” ဟု ဆန်းစစ်သူတစ်ဦးကဆို

တီဟီရန်၏ ကုလသမဂ္ဂ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ကို လိုက်နာနေသည်ဆိုသော အခိုင်အမာပြောဆိုချက်မှာ “လှည့်ဖြားမှု များနှင့် ပြည့်နှက်နေသည်” ဟု အဆင့်မြင့် သုတေသီတစ်ဦးက ပြောကြား ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အတွင်းရှိ နျူကလီးယား အဆောက် အအုံများကို စီးနင်းတိုက်ခိုက်မှုများအပြီးတွင် ဝါရှင်တန်ဒီစီအခြေစိုက် Institute for Science and International Security ခေါင်းဆောင် ဒေးဗစ် အယ်လ်ဘရိုက်က တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ကုလသမဂ္ဂ အရာရှိ များသည် အီရန်၏ “နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်ရန် ပြင်ဆင်မှု များကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲ” ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

“အဆိုပါအခြေအနေကို အီရန်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်” ဟု အမေရိကန်က အီရန်ရှိ နျူကလီးယား အချက်အချာ နေရာသုံးခုကို ညအချိန် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြောဆိုမှုတွင် အယ်လ် ဘရိုက်က CNN ၏ ဘက်ကီအန်ဒါဆင်အား CNN Newsroom တွင် ပြောကြားခဲ့သည်။

ယခုလအတွင်း အစ္စရေးက အီရန်၏ နျူကလီးယား စက်ရုံများကို ပစ်မှတ် ထားသည်ဟု ဆိုကာ စီးနင်းတိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီး တီဟီရန်၏ ပြန်လည်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် စနေ (ဇွန် ၂၁) ညနေပိုင်းတွင် ဝါရှင်တန်က Natanz ၊ Isfahan နှင့် Fordow စသော အဓိက နျူကလီးယား စက်ရုံများကို ကြီးမားသော ဘန်ကာဖျက်ဗုံးကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ခါးသီးသော လူမှုဘဝထိခိုက်မှုများစွာ ပေးဆပ်နေရသည့် ပဋိပက္ခကို ပိုမို အရှိန်မြှင့် လိုက်သည်။

အမေရိကန်စီးနင်းတိုက်ခိုက်မှု၏ ကနဦး အကျိုးသက်ရောက်မှုကို မသိရှိ ရသေးသော်လည်း ကနဦး ဗီဒီယိုများတွင် အီရန် အနောက်မြောက်ပိုင်း တောင်တန်းများတွင် အလွန်လျှို့ဝှက်စွာ လုပ်ဆောင်နေသည့် Fordow စက်ရုံနေရာတွင် မီးခိုးများ ထူထပ်စွာ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

အယ်လ်ဘရိုက်က CNN အား အမေရိကန်၏ ဗုံးများသည် လှိုင်ဂူ ဝင်ပေါက် များနှင့် မြေအောက်ရှိ ယူရေနီယမ် ထပ်တိုးသန့်စင်သည့် ခန်းမဆီသို့ ဦးတည်သည့် ဝင်ပေါက်များကို ပြင်းထန်စွာ ပျက်စီးစေရန် ရည်ရွယ်သည် ဟု ခန့်မှန်းပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂