မော်စကိုက “အီရတ်တွင် လက်နက်ကြီးများ ရှိသည်” ဆိုသည့် စွပ်စွဲချက် ဖြင့် အမေရိကန်၏ တိုက်ခိုက်ခဲ့မှုများနှင့် နှိုင်းယှဉ်၍ လတ်တလောတွင် အီရန်ကို တိုက်ခိုက်ခဲ့မှုအား ပြင်းပြင်းထန်ထန် ဝေဖန်
ရုရှားနိုင်ငံသည် အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုအား အပြင်းအထန် ရှုတ်ချခဲ့ပြီး တာဝန်မဲ့မှု၊ ရန်စ တိုက်ခိုက်မှုနှင့် အန္တရာယ်များသော လုပ်ရပ်ဖြစ်ကြောင်း ပြောကြားကာ အရှေ့အလယ်ပိုင်းဒေသအား နျူကလီးယားအကျိုးဆက်များဖြင့် ကြီးမားသော စစ်ပွဲဆီသို့ တွန်းပို့နိုင်သည်ဟု သတိပေးခဲ့သည်။
တနင်္ဂနွေနေ့ (ဇွန် ၂၂) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် ရုရှားသံအမတ်ကြီး Vasily Nebenzia က ဝါရှင်တန်အား ကုလသမဂ္ဂ ပဋိညာဉ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နျူကလီးယား မပြန့်ပွားရေးစာချုပ် (NPT) တို့ကို ချိုးဖောက် သည်ဟု စွပ်စွဲခဲ့သည်။
“အမေရိကန်သည် Pandora's box (အဆိုးများစွာ ထွက်ပေါ်စေမည့် အရာ) ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကာ မည်သည့်အကျိုးဆက်များ ဆက်ဖြစ် လာမည်ကို မည်သူမျှ မသိနိုင်တော့ပါ” ဟု Nebenzia က ပြောကြားခဲ့ပြီး IAEA ကြီးကြပ်ထားသော နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားသည့် အတွက် ဝါရှင်တန်သည် “နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားကို လုံးဝမထီမဲ့မြင်ပြုခြင်းကို တစ်ဖန် ထပ်မံပြသလိုက်သည်” ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
Nebenzia သည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲမတိုင်မီ အခြေအနေများနှင့် နှိုင်းယှဉ်ကာ ထိုအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Colin Powell က“အခြားလွတ်လပ်သော နိုင်ငံတစ်နိုင်ငံအား ကျူးကျော်ရန် အကြောင်း ပြချက်” အနေဖြင့် မှားယွင်းသော အထောက်အထားများကို တင်ပြခဲ့ပြီး “နှစ်ပေါင်းများစွာ ဒေသခံပြည်သူများအား ကမောက်ကမဖြစ်စေခဲ့သော လက်နက်ကြီးများ မတွေ့ရှိခဲ့သည့် အဖြစ်အပျက်” ကို ထောက်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂