အိမ်ဖြူတော်က အမေရိကန်သည် အီရန်၏နျူကလီးယားစက်ရုံများကို “လုံးဝအပြီးတိုင် ဖျက်ဆီးပစ်နိုင်ကြောင်း” ထပ်လောင်းပြောကြား

News Image

  • အိမ်ဖြူတော်က အမေရိကန်သည် အီရန်၏နျူကလီးယားစက်ရုံများကို “လုံးဝအပြီးတိုင် ဖျက်ဆီးပစ်နိုင်ကြောင်း” ထပ်လောင်းပြောကြား

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗတ်က အီရန်၏ နျူကလီးယား စက်ရုံများကို “လုံးဝအပြီးတိုင် ဖျက်ဆီးပစ်နိုင်ကြောင်း” သမ္မတ ဒေါ်နယ် ထရမ့် ၏ထုတ်ပြန်ချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

“အီရန်၏ နျူကလီးယားစက်ရုံများနှင့်ပတ်သက်၍ သမ္မတက နိုင်ငံကိုမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း လုံးဝ အပြီးတိုင် ဖျက်ဆီးခံခဲ့ရပြီဟု မိမိတို့ ယုံကြည်သည့်အပြင် အဆိုပါတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်နေရာများတွင် အီရန်၏ ထပ်တိုးသန့်စင်ထားသည့် ယူရေ နီယမ် သိုလှောင်ထားသည်ကိုလည်း အများကြီးယုံကြည်မှုရှိပါသည်” ဟု ၎င်းက ABC ၏ “Good Morning America” အစီအစဉ်တွင် ပြောကြား ခဲ့သည်။

လီဗတ်က “သမ္မတအနေဖြင့် ထိုကဲ့သို့သော ရလဒ်ရရှိမည်ဆိုသည့် ယုံကြည်မှုမရှိဘဲ တိုက်ခိုက်မှုများ မစေခိုင်းခဲ့ပါ” ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ ရာဖေးလ်ဂရိုစီက အီရန်၏ လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်နီးပါး နျူကလီးယားပစ္စည်းများ မည်သည့်နေရာတွင်ရှိသည်ကို အတည်မပြု နိုင်သေးဘဲ အခြေအနေကို အကဲဖြတ်နိုင်ရန် စစ်ဆေးရေးများကို အီရန် သို့ ဘေးကင်းစွာ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၂) က CNN နှင့်အင်တာဗျူးတစ်ခုတွင် ဂရိုစီက အီရန်တွင် ၆၀% အထိ ထပ်တိုးသန့်စင်ထားသော ယူရေနီယမ်ကီလိုဂရမ် ၄၀၀ (ပေါင် ၈၈၀) ခန့် သိုလှောင်ထားကြောင်း၊ ၎င်းသည် နျူကလီးယားလက်နက်ပြုလုပ်ရန် လိုအပ်သော ၉၀% ထပ်တိုး သန့်စင်မှု နှင့် မဝေးကြောင်း ပြောကြားခဲ့သည်။

ထိုအတောအတွင်း ပူးတွဲအရာရှိချုပ်များအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း က ယမန်နေ့က တိုက်ခိုက်မှုများ၏ သက်ရောက်မှုကို အကဲဖြတ်နေဆဲ ဖြစ်သဖြင့် အီရန်တွင် နျူကလီးယားစွမ်းရည်အချို့ ကျန်ရှိနေခြင်း ရှိ/မရှိ ဆိုသည်ကို မှတ်ချက်ပြုရန် အချိန်စောလွန်းနေသေးကြောင်း ပြောကြား ခဲ့သည်။ 

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂