နေတန်ယာဟု က အီရန်၏ ယူရေနီယမ်နှင့်ပတ်သက်ပြီး “စိတ်ဝင်စားဖွယ် ထောက်လှမ်းရေးသတင်း” ရှိထားကြောင်း ပြောကြား

News Image

  • နေတန်ယာဟု က အီရန်၏ ယူရေနီယမ်နှင့်ပတ်သက်ပြီး “စိတ်ဝင်စားဖွယ် ထောက်လှမ်းရေးသတင်း” ရှိထားကြောင်း ပြောကြား

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်၏ ထပ်တိုး သန့်စင်ပြီးသော ယူရေနီယမ် တည်နေရာနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ထောက်လှမ်းရေးသတင်းရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် အမေရိကန် ၏ ဖော်ဒိုး၊ နတန်ဇ်နှင့် အစ္စဖာဟန်ရှိ တီဟီရန်၏ နျူကလီးယား စက်ရုံများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၂) က သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များအား ပြောကြားရာတွင် နေတန်ယာဟုက အီရန်၏ ၆၀% သန့်စင်ပြီးသော ယူရေနီယမ် ၄၀၀ ကီလိုဂရမ်၏ တည်နေရာကို အစ္စရေးက သိရှိထားကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုပေးရန် ငြင်းဆန်ခဲ့သည်။

“မိမိတို့အနေဖြင့် ယင်းအချက်အလက်နှင့်ပတ်သက်၍ အလွန်နီးကပ်စွာ ခြေရာခံနေပါသည်။ ၎င်းသည် နျူကလီးယားအစီအစဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ပြောပြနိုင်ပါသည်။ ၎င်းသည် တစ်ခု တည်းသော အစိတ်အပိုင်း မဟုတ်ပါ။ သို့သော် ၎င်းသည် အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး မိမိတို့တွင် စိတ်ဝင်စားဖွယ် ထောက်လှမ်းရေး သတင်းများ ရှိသော်လည်း မျှဝေမပြောပြနိုင်မှုကို ခွင့်လွှတ်ပါ” ဟု ၎င်းက ပစ္စည်း၏ တည်နေရာနှင့် ပတ်သက်၍ မေးမြန်းခံရသည့်အခါ ပြောကြားခဲ့သည်။

ထို့အပြင် အီရန်၏ မြေအောက် ဖော်ဒိုး နျူကလီးယားစက်ရုံသည် တနင်္ဂနွေနေ့က အမေရိကန် ဗုံးကြဲလေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း၊ ယင်းတွင် ဘန်ကာ-ဘာစတာ လက်နက်များ ပါဝင်သည်ဟု သတင်းများရှိကြောင်း ၎င်းက ဆိုသော်လည်း ထိခိုက်မှု၏ အတိုင်းအတာကိုမူ ရှင်းလင်းစွာ မသိရှိရသေးကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂