အီရန်ပါလီမန်ကော်မတီက နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်မှ နုတ်ထွက်ရန် တောင်းဆို
အီရန်ရှိ နျူကလီးယားစက်ရုံများကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီက နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် Nuclear Non-Proliferation Treaty (NNPT) မှ နုတ်ထွက်ရန် တောင်းဆိုလိုက်ကြောင်း ကော်မတီ အဖွဲ့ဝင် အီဘရာဟင်ရီဇာယီက ပြောကြားခဲ့သည်။
အဆိုပါကော်မတီအဖွဲ့ဝင်အများစုက အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ၏ လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ကော်မတီအနေဖြင့် NNPT တွင် အီရန်၏ ပါဝင်မှုကို ပြန်လည် သုံးသပ်ပြီး စာချုပ်မှ နုတ်ထွက်ရန် အဆိုပြုထားသည်။ ထိုဆုံးဖြတ်ချက်သည် အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို ပြည်လည်တုံ့ပြန်သည့် လုပ်ရပ်ဖြစ်သည်။
အဆိုပါကော်မတီအစည်းအဝေးသို့ အီရန်၏ အဏုမြူစွမ်းအင်အဖွဲ့ (AEOI) ကိုယ်စားလှယ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တက်ရောက်ခဲ့သည်။ AEOI အရာရှိက အမေရိကန်၏ တိုက်ခိုက်မှုများ အပြီး လိုအပ်သော အရေးယူမှုများ ပြုလုပ်ပြီးဖြစ်ကာ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၂ ရက် ညပိုင်းတွင် အီရန် ၏ အစ္စဖာဟန်၊ နတ်တန်ဇ်နှင့် ဖော်ဒိုးရှိ နျူကလီးယားစက်ရုံသုံးခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် အစ္စရေး က ဇွန် ၁၃ ရက်နေ့မှစတင်၍ အီရန်၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များကို ဖျက်ဆီးရန် လုပ်ဆောင်နေသည့် လုပ်ရပ်များ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။
ကိုးကား - TASS
Photo: News.az
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃