ထရမ့်က Medvedev ၏ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်
အမေရိကန်သမ္မတ ထရမ့်က ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev အား နျူကလီးယားလက်နက်များအကြောင်း “လွယ်လွယ်ကူကူ” ပြောဆိုခြင်းကို တုံ့ပြန်သတိပေးခဲ့သည်။
ရုရှားသမ္မတဟောင်း Medvedev က အမည်မဖော်လိုသော နိုင်ငံအချို့သည် အီရန်အား အစုလိုက်အပြုံလိုက်ထိခိုက်ပျက်စီးစေနိုင်သော လက်နက်များ (WMD) ထောက်ပံ့ရန် အဆင်သင့်ဖြစ်နေကြောင်း ညွှန်းဆိုပြောဆိုခဲ့ပြီးနောက် ထရမ့်၏ ဝေဖန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် အမေရိကန်သည် အီရန်၏ Fordow၊ Natanz နှင့် Isfahan ရှိ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်း၏ စစ်လေယာဉ်များသည် အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်၏ နျူကလီးယား အစီအစဉ်ကို ကြီးစွာထိခိုက်စေခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုမတိုင်မီတွင် အစ္စရေးက အီရန်ကို ကြီးမားသော လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထရမ့်က တနင်္လာနေ့ (ဇွန် ၂၃) တွင် ၎င်း၏ Truth Social လူမှု မီဒီယာ ပေါ်၌ “ကြားသိခဲ့ရသည်မှာ ရုရှားသမ္မတဟောင်း Medvedev က “N စကားလုံး” (နျူကလီးယား!) ကို ပေါ့ပေါ့ပါးပါးပြောဆိုနေပြီး ၎င်းနှင့် အခြားနိုင်ငံများက အီရန်ကို နျူကလီးယားဗုံးများ ထောက်ပံ့မည်ဟု ဆိုနေခြင်းလား” ဟု ရေးသားခဲ့သည်။
အမေရိကန်ခေါင်းဆောင်က ဖြေရှင်းချက် အလျင်အမြန်ပေးရန် တောင်းဆိုကာ “N စကားလုံး (နျူကလီးယား) ကို ထိုကဲ့သို့ပေါ့ပေါ့ဆဆ မပြောသင့်” ဟု အတိအလင်းပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်သည် အမေရိကန်၏ လေတပ်၊ ရေတပ် စစ်အင်အားများ များစွာသာလွန်နေကြောင်း ဂုဏ်ယူစွာဖော်ပြကာ အီရန်ကို မကြာသေးမီ က ဗုံးကြဲမှုကို သက်သေအဖြစ် ညွှန်းဆိုခဲ့သည်။
Dmitry Medvedev တနင်္ဂနွေနေ့ (ဇွန် ၂၂) က X (Twitter) ၌ “နိုင်ငံ အချို့သည် အီရန်အား ၎င်းတို့၏ ကိုယ်ပိုင်နျူကလီးယားဗုံးများ တိုက်ရိုက် ထောက်ပံ့ရန် အဆင်သင့်ဖြစ်နေသည်” ဟု အခိုင်အမာဆိုခဲ့သည်။ သို့သော် ၎င်းက နိုင်ငံများ၏အမည်ကို မဖော်ပြဘဲ အမေရိကန်၏ ဗုံးကြဲမှုများသည် တီဟီရန်၏ “နျူကလီးယား ဆက်စပ်ပစ္စည်းများ ကြွယ်ဝလာမှုနှင့် အနာဂတ် နျူကလီးယားလက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို မတားဆီးနိုင်” ဟု ညွှန်းဆိုခဲ့သည်။ Medvedev က အမေရိကန်၏ လုပ်ရပ်များကြောင့် အီရန်ခေါင်းဆောင်များ “ပိုမိုအားကောင်းလာမည်” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် “ကမ္ဘာ့နိုင်ငံအများစုက အစ္စရေးနှင့် အမေရိကန်၏ လုပ်ရပ် များကို ဆန့်ကျင်နေကြသည့်အတွက် ထရမ့်သည် Nobel ငြိမ်းချမ်းရေး ဆုကို မေ့ထားရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အမေရိကန်ကို နောက်ထပ်စစ်ပွဲတစ်ခုအတွင်းသို့ ထပ်မံတွန်းပို့လိုက်ပြီ” ဟု ၎င်းက ကောက်ချက်ချခဲ့သည်။
Medvedev က ထရမ့်၏ ဝေဖန်မှုကို တုံ့ပြန်ကာ “ရုရှားသည် အီရန်ထံ နျူကလီးယားလက်နက်များ ထောက်ပံ့ရန် မည်သည့်ရည်ရွယ်ချက်မှ မရှိပါ၊ အဘယ်ကြောင့်ဆိုသော် အစ္စရေးနှင့်မတူညီဘဲ မိမိတို့သည် နျူကလီးယား ပျံ့နှံ့မှုတားဆီးရေး စာချုပ် (NPT) ၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်” ဟု အတိအလင်းပြောကြားခဲ့သည်။
သို့သော် ၎င်းက “အခြားနိုင်ငံများအနေဖြင့် ထောက်ပံ့မှုပြုနိုင်သည်၊ မိမိ ပြောခဲ့သည်မှာ ထိုအချက်ပင်ဖြစ်သည်” ဟု ဖြည့်စွက်ခဲ့သည်။
ထို့အပြင် Medvedev က ဝါရှင်တန်အား မည့်သည့်နိုင်ငံက နျူကလီးယား လက်နက် ပိုများသည်ဆိုသည့် အချေအတင်ငြင်းခုံမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းကာ ၎င်း၏ သမ္မတသက်တမ်းအတွင်း မော်စကိုနှင့် ဝါရှင်တန် တို့ လက်မှတ်ရေးထိုးခဲ့သည့် New START လက်နက် ထိန်းချုပ်ရေး စာချုပ် သည် ယခုတိုင် အာဏာသက်ရောက်နေဆဲဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။
တနင်္လာနေ့ (ဇွန် ၂၃) တွင် မော်စကို၌ ကျင်းပသည့် အစည်းအဝေး တစ်ခုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံစဉ် ရုရှားသမ္မတ Vladimir Putin က အမေရိကန်၏ အီရန်တိုက်ခိုက်မှုကို “အကြောင်းမဲ့စစ်ပွဲ” ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်ဟု သတ်မှတ်ကာ အကြောင်းပြချက်မရှိနိုင်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂