အစ္စရေး ဓားစာခံမိသားစုများက အစ္စရေး-အီရန် စစ်ရပ်စဲရေး သဘောတူညီချက်တွင် ဂါဇာကိုလည်း ထည့်သွင်းရန် တောင်းဆို
ဂါဇာတွင် အကျဉ်းချထားခံရသူများ ပြန်လည်ရရှိရေး ကြိုးပမ်းနေသော အဖွဲ့တစ်ဖွဲ့က အစ္စရေး-အီရန် စစ်ရပ်စဲရေးကို စစ်ဘေးဒဏ်ခံနေရသည့် ဂါဇာဒေသအထိ ချဲ့ထွင်ရန် တောင်းဆိုလိုက်သည်။
“အီရန်နှင့် စစ်ရပ်စဲရေး ဆွေးနွေးနိုင်သူများသည် ဂါဇာစစ်ပွဲကိုလည်း အဆုံးသတ်နိုင်စွမ်းရှိပါသည်” ဟု “Hostages and Missing Families Forum” အဖွဲ့က အင်္ဂါနေ့ (ဇွန် ၂၄) ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါအဖွဲ့က စစ်ရပ်စဲရေးသည် “ဂါဇာကိုပါ လွှမ်းခြုံရမည်” ဟု ဆိုကာ အစိုးရအား “အကျဉ်းသားအားလုံး အိမ်ပြန်ရောက်ရှိရေးနှင့် စစ်ပွဲ အဆုံးသတ်ရန် အရေးတကြီး ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်” တိုက်တွန်းခဲ့သည်။
“အီရန်၏ ခြိမ်းခြောက်မှုကြောင့် အစ္စရေးနိုင်ငံသားများ အိပ်မပျော်ခဲ့ ရသည့် ၁၂ ရက်တာ ညများပြီးနောက်၊ ယခုအခါ အကျဉ်းသားများကြောင့် ပြန်လည် အိပ်မပျော်ကြရန် အချိန်ရောက်ပါပြီ” ဟု အဆိုပါအဖွဲ့က ထပ်လောင်း မှတ်ချက်ပြုခဲ့သည်။
အီရန်မှ ပံ့ပိုးသည့် မဟာမိတ်အဖွဲ့ Hamas ထံတွင် အကျဉ်းသား ၅၀ ခန့် ရှိပြီး အစ္စရေးအစိုးရ၏ အဆိုအရ ၂၀ ဦး မှာ အသက်ရှင်နေသေးသည်ဟု ယူဆရသည်။
“အီရန်ကို အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့ပြီး အဆိုပါအခွင့်အရေးကို အကျဉ်းသား အားလုံး ပြန်လည်ရရှိရေးအတွက် အသုံးမချဘဲ လက်လျှော့လိုက်လျှင် ကြီးမားသော ကျရှုံးမှုတစ်ရပ် ဖြစ်လိမ့်မည်” ဟု အဖွဲ့က ဖြည့်စွက် ပြောကြားကာ ၎င်းကို အကောင်းမွန်ဆုံး အခွင့်အလမ်းအဖြစ် ရည်ညွှန်း ခဲ့သည်။
အစ္စရေး အတိုက်အခံခေါင်းဆောင် Yair Lapid ကလည်း အလားတူ အမြင်ကို ထောက်ခံပြီး X တွင် “ယခုအခါ ဂါဇာကိစ္စကိုလည်း အဆုံးသတ်ရန် အချိန်တန်ပါပြီ၊ အကျဉ်းသားများ အိမ်ပြန်ရောက်ရှိရေး၊ စစ်ပွဲအဆုံးသတ်ရေး၊ အစ္စရေးနိုင်ငံအနေဖြင့် ပြန်လည်တည်ဆောက်ရေး စတင် သင့်သည်” ဟု ရေးသားခဲ့သည်။
ကိုးကား- CNN
Photo: The Times of Israel
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂