အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

News Image

  • အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

ဗိုလ်ချုပ်ကြီး ရောဘတ် စပါလ်ဒင်း က အမေရိကန် လေတပ်သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အစီအစဉ်ကို ၁၀ နှစ်ကျော်ကတည်းကရေးဆွဲခဲ့ပြီး ထရမ့်အစိုးရလက်ထက်တွင် "အကောင်းဆုံး" အကောင်အထည် ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇွန် ၂၂ ရက်နံနက်အစောပိုင်းက စတင်ခဲ့သော "Night Hammer" စစ်ဆင်ရေးတွင် အမေရိကန်စစ်တပ်သည် အီရန်၏ နျူကလီးယား စက်ရုံ များကို တိုက်ခိုက်ရန် သမိုင်းတစ်လျှောက် အကြီးဆုံး B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ် တပ်ဖွဲ့ကို အသုံးပြုခဲ့သည်။ အမေရိကန် အရာရှိများ၏ အဆိုအရ ထိုတိုက်ခိုက်မှုသည် ၃၇ နာရီခန့် ကြာမြင့်ခဲ့ပြီး ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် B-2 လေယာဉ်များ လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးနှင့် အရှည်လျားဆုံး စစ်ဆင်ရေးဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာစီမံကိန်းရေးရာဌာန၏ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော လေတပ်ဗိုလ်မှူးချုပ် ရောဘတ် စပါလ်ဒင်းက Night Hammer စစ်ဆင်ရေးသည် နှစ်ပေါင်းများစွာ ကတည်းက ပါဝင်ရေးဆွဲခဲ့သည့် စစ်ဆင်ရေးအစီအစဉ်အတိုင်း "အကောင်းဆုံး" အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ Hudson Institute တွင် အကြံပေးပညာရှင်အဖြစ် လုပ်ကိုင် နေသော စပါလ်ဒင်းက အီရန်၏နျူကလီးယားစက်ရုံများကို လေကြောင်း တိုက်ခိုက်ရန် ဆယ်စုနှစ်ကျော်မျှ ကြိုတင်ပြင်ဆင်မှုများ လိုအပ်ကြောင်း၊ ယင်းတွင် အသုံးပြုမည့် လက်နက်စနစ်များနှင့် စစ်ဆင်ရေး အစီအစဉ် များအတွက် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုမှုများ ပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

စပါလ်ဒင်း၏ အဆိုအရ စစ်ဆင်ရေးကို စီစဉ်သောအခါတွင် စစ်ဆင်ရေး ၏ အောင်မြင်မှုသည် လျှို့ဝှက်မှုပေါ်တွင် များစွာမူတည်သည်ဟု အမေရိကန် စစ်တပ်က ဆုံးဖြတ်ခဲ့သည်။ ၎င်းကူညီရေးဆွဲခဲ့သည့် အစီအစဉ်တွင် အမေရိကန်လေတပ်သည် ဂူအမ်သို့ ဗုံးကြဲလေယာဉ် တပ်ဖွဲ့တစ်ခုစေလွှတ်ကာ "အာရုံပြောင်းလှည့်မှု" အဖြစ် အသုံးပြုခဲ့ပြီး လူထုအာရုံနှင့် အီရန်၏ အာရုံကို ဖယ်ရှားခဲ့သည်။

"ယနေ့ကမ္ဘာတွင် ထိုကဲ့သို့သော လှုပ်ရှားမှုများကို ဖုံးကွယ်ရန် ပိုမို ခက်ခဲလာသည်" ဟု စပါလ်ဒင်းက ပြောကြားခဲ့သည်။ “စမတ်ဖုန်းများနှင့် လေယာဉ်လမ်းကြောင်းခြေရာခံ ဝက်ဘ်ဆိုဒ်များကြောင့် ရန်သူများက အဆိုပါလုပ်ဆောင်ချက်များကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည် ဆိုသည့် အချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်” ဟု ၎င်းကဆိုသည်။

B-2 ၏ အတောင်ပံ ဒီဇိုင်းသည် ရေဒါဖမ်းယူမှုများကို ရှောင်ရှားနိုင်စေပြီး အီရန်ကို တိုက်ခိုက်ရန် အကောင်းဆုံးလေယာဉ်အဖြစ် သင့်လျော် စေသည်။ အစ္စရေးသည် အီရန်၏ လေကာစနစ်ကို အားနည်းစေခဲ့သော်လည်း B-2 ၏ ဖုံးကွယ်နိုင်စွမ်းသည်လည်း အဆိုပါစစ်ဆင်ရေး အောင်မြင်ရေးအတွက် အရေးပါသည်ဟု စပါလ်ဒင်းက ပြောကြား ခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော B-2 ဗုံးကြဲလေယာဉ်များသည် အမေရိကန်ပြည်ထောင်စုမှ ပျံတက်ပြီးနောက် အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အီရန်လေပိုင်နက်အတွင်းသို့ ဝင်ရောက် ခဲ့သည်။ ဗုံးများပစ်ချတိုက်ခိုက်ပြီးနောက် လေယာဉ်များသည် ပြန်လည် ချိန်ကိုက်ပျံသန်းခဲ့ကြရာ ကြာမြင့်စွာပျံသန်းရခြင်းသည် လေယာဉ်မှူး များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။

စပါလ်ဒင်းက “လေယာဉ်မှူးများသည် တစ်ခါပျံသန်းစဉ် လေထဲမှ လောင်စာဆီဖြည့်ခြင်း (Mid-Air Refueling) ၆-၇ ကြိမ်ခန့် ပြုလုပ်ရပြီး၊ ဖြည့်တင်းမှုတစ်ကြိမ်စီသည် မိနစ် ၃၀ ခန့် ကြာမြင့်သည်” ဟု ရှင်းပြ ခဲ့သည်။ “ထို့ကြောင့် လေယာဉ်မှူးများသည် အရေးကြီးသော အချိန် များတွင် နိုးကြားတက်ကြွစွာရှိနေစေရန် ပျံသန်းမှုမတိုင်မီနှင့် ပျံသန်းနေ စဉ်အတွင်း အိပ်စက်ခြင်းနှင့် အစားအသောက်ဆိုင်ရာ စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂