တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် နွေရာသီဒဲဗော့စ်အစည်းအဝေး (Summer Davos) စတင် ကျင်းပ
ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economics Forum) ၏ ဒုတိယအကြီးဆုံး နွေရာသီဒဲဗော့စ်အစည်းအဝေး (Summer Davos) ကို တရုတ်နိုင်ငံ မြောက်ပိုင်း၊ ထျန်းကျင်းမြို့၌ ဇွန် ၂၄ ရက် (အင်္ဂါနေ့) မှစတင်၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးသို့ နိုင်ငံပေါင်း ၉၀ မှ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၇၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါအလွန် အများဆုံး တက်ရောက်မှုစံချိန်သစ်အဖြစ် သတ်မှတ်နိုင်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများမှ ကိုယ်စားလှယ် ၁၂၀ ခန့် တက်ရောက်မည်ဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ် ထက်နှစ်ဆပိုများလာသည်။
WEF ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mirek Dusek က ယခု အစည်းအဝေး တွင် စွန့်ဦးတီထွင်မှု၊ နည်းပညာဆန်းသစ်တီထွင်မှုများနှင့် အာရှနှင့် အရှေ့အလယ်ပိုင်းဒေသအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေး စသည့်အကြောင်းအရာများကို အလေးထား ဆွေးနွေးမည် ဟု ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတိုးတက်မှု၏ ၆၀ ရာခိုင်နှုန်းကို အာရှဒေသမှ အားဖြည့်ပေးရန် မျှော်လင့်ထားသဖြင့် ကမ္ဘာ့ဒုတိယ အကြီးဆုံးစီပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး မှာလည်း အရေးပါနေကြောင်း CNA သတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီချန်းသည် အဖွင့်အခမ်းအနားသို့ တက်ရောက်ပြီး အထူးမိန့်ခွန်း ပြောကြားမည်ဖြစ်ကာ စင်ကာပူဝန်ကြီးချုပ် လောရန့်စ်ဝေါင် နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။
(၁၆) ကြိမ်မြောက် New Champions နှစ်ပတ်လည်အစည်းအဝေးဟု လူသိများသော ဒဲဗော့စ်ဖိုရမ်၏ ခေါင်းစဉ်မှာ ခေတ်သစ်စွန့်ဦးတီထွင်မှု စီးပွားရေးဟူ၍ဖြစ်ကာ စွမ်းအင်အသစ်နှင့် ကုန်ကြမ်းပစ္စည်းများ၊ကမ္ဘာ့စီးပွားရေးနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာ စသည့် အကြောင်းအရာများကို ဆွေးနွေး သွားမည်ဖြစ်သည်။
ကိုးကား - CNA
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃