ညောင်တုန်းမြို့နယ်တွင် ဒေသထွက် တိုင်ထောင်ပဲသီးများ အရောင်းအဝယ် ကောင်းမွန်နေ
ညောင်တုန်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဒေသထွက် တိုင်ထောင်ပဲသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ညိုညို က ပြောပြသည်။
ညောင်တုန်းမြို့နယ်တွင် ဒေသထွက် တိုင်ထောင်ပဲသီးများကို ကုန်စိမ်းဈေးကွက်တွင် ယခုနှစ် ဇွန်လ ဒုတိယပတ်မှ ယနေ့ထိ အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး လက်ရှိ တစ်ရက်လျှင် တိုင်ထောင်ပဲသီး ပိဿာ ၂၅၀၀ မှ ပိဿာ ၅၅၀၀ ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။
“ဒီဘက်ဒေသကနေ ထွက်တဲ့ တိုင်ထောင်ပဲသီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူအားကောင်းနေပါတယ်။ ဒေသထွက်ကုန်တွေ အများအပြား စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်တော့ သယ်ယူစရိတ်လဲ သက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။ အခုလိုဒေသထွက်ကုန် တိုင်ထောင်ပဲသီးတွေ ရောင်းအားကောင်းလာတော့ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့တောင်သူတွေ အခွင့်အလမ်း ပိုမိုအဆင်ပြေလာပါတယ်” ဟု ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုညို က ပြောပြသည်။
ညောင်တုန်းမြို့နယ်တွင် လက်ရှိ တိုင်ထောင်ပဲသီးများ အပါအဝင် အခြားဒေသထွက် ဟင်းသီးဟင်းရွက်များ ပေါ်နေသည့်အချိန်ဖြစ်ကြောင်း၊ အဆိုပါ တိုင်ထောင်ပဲသီးများ အရောင်းသွက်လာသည့်အတွက် ထပ်မံတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း၊ ဒေသထွက်ကုန်များသာ ရောင်းချရသည့်အတွက် သယ်ယူစရိတ်ကုန်ကျမှုသက်သာခြင်း၊ လတ်ဆတ်သည့် သီးနှံများကိုသာ အရောင်းအဝယ်ပြုလုပ်ရခြင်းကြောင့် များစွာအကျိုးကျေးဇူးရှိနေကြောင်း ဒေါ်ညိုညို က ဆက်လက်ပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ