အိန္ဒိယနိုင်ငံ ကက်ရှမီးယားဒေသ၌ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားရာ အနည်းဆုံးလူ ၄၀ သေဆုံးပြီး ၁၂၀ ကျော်ဒဏ်ရာရရှိထားကာ ၂၂၀ ကျော် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။ကက်ရှမီးယားဒေသ ကစ်ရှဝါခရိုင်မှချိုဆီတီအမည်ရှိ တောင်ပေါ်ကျေးရွာ၌ဩဂုတ်လ ၁၄ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိုမိုးရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့်ကယ်ဆယ်ရေး သမားများက အသက်ရှင်နိုင်ဖွယ်ရှိသူများကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေသည်။ လက်ရှိအချိန်တွင် အသက်ရှင်ကျန်ရစ်သူ ၃၅ ဦးကျော်ကို ကယ်ဆယ်ထားနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။အဆိုပါ သဘာဝဘေးသည် ဘုရားဖူး ခရီးသွားများ တစ်ထောက်နားရပ်လုပ်နေကျ လမ်းကြောင်းပေါ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ရုတ်တရက်ရေကြီးစဉ် ကျေးရွာ၏စားဖိုဆောင်နှင့် လုံခြုံရေးဂိတ်တစ်ခု တို့သည်လည်း ရေစီးနှင့်အတူမျောပါသွားသည်။ရုတ်တရက်ရေကြီးမှု ဖြစ်ပွားစဉ် စားဖိုဆောင်၌ ဘုရားဖူးများစွာ ဝင်ရောက်ခိုနားပြီး နေ့လယ်စာ စားနေသောကြောင့် ရေစီးနှင့်အတူမျောပါသွားသူ ရာပေါင်းများစွာရှိလာခြင်း ဖြစ်သည်။ဥတ္တရခန်းပြည်နယ်ရှိ ဟိမဝန္တာဒေသ၌ ရွာလုံးကျွတ်ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အတွင်း ယခုကဲ့သို့ သဘာဝဘေးဖြစ်ပွားခြင်း ဖြစ်သည်။ဟိမဝန္တာဒေသ၌ ယခုကဲ့သို့နေရာကွက်၍ ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခြင်းသည် ဖြစ်လေ့ဖြစ်ထရှိကြောင်း၊ ယင်းကဲ့သို့မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးမှုများနှင့် မြေပြိုမှုများလည်း ဖြစ်ပွားလေ့ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်များတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုများ ပိုမိုဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ Ref: AGCMWD
Fri, 15-Aug-2025