ရုရှားတွင် အင်အား ၈.၈ မဂ္ဂနီကျူ့ရှိ ပြင်းထန်ငလျင် ဖြစ်ပွားခဲ့သော်လည်း မျှော်မှန်းထားသည်ထက် ဆူနာမီအားနည်းရသည့် အကြောင်းရင်းကို ဘူမိပညာရှင်ထုတ်ဖော်
ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်အနီး ဇူလိုင် ၃၀ ရက်တွင် အင်အား ၈.၈ မဂ္ဂနီကျူ့ရှိ ပြင်းထန်ငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဖြစ်ပေါ်ခဲ့သော်လည်း မျှော်မှန်းထားသည်ထက် အားနည်းခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘူမိဗေဒ ဆိုင်ရာ လက္ခဏာများနှင့် ကမ်းရိုးတန်းပုံစံတို့ကြောင့်ဖြစ်သည်။
ငလျင်၏ ပြင်းထန်သောလှုပ်ရှားမှုများသည် ပင်လယ်ကြမ်းပြင်ကို ရွေ့လျား စေကာ ရေထုကြီးကို ရွေ့လျားစေပြီး ဆူနာမီဖြစ်ပေါ်စေသည်။ သို့သော် Kamchatka ငလျင်၏ ဗဟိုချက်သည် ၂၀.၇ ကီလိုမီတာ နက်ရှိုင်း သောကြောင့် ပင်လယ်ကြမ်းပြင်အား ဒေါင်လိုက်ရွေ့လျားမှု နည်းပါးစေ ခဲ့သည်။ ထို့အပြင် USGS ဘူမိဗေဒပညာရှင် Rich Briggs ၏ အဆိုအရ ငလျင်ကြောင့် ပင်လယ်ကြမ်းပြင်တွင် ချိုင့်ဝှမ်းများ မဖြစ်ပေါ်ခဲ့သဖြင့် ရေထုကို ရွေ့လျားစေသည့် အားနည်းပါးခဲ့သည်ဟု သိရှိရသည်။
ဆူနာမီ၏ အမြင့်သည် ကမ်းရိုးတန်းအနီးရှိ ပင်လယ်ကြမ်းပြင်ပုံစံနှင့် ကုန်းမြေပုံသဏ္ဍာန်တို့ပေါ်တွင်လည်း မူတည်သည်။ ကျဉ်းမြောင်းသော ပင်လယ်ကွေ့များနှင့် မတ်စောက်သည့် ကမ်းရိုးတန်းများသည် ဆူနာမီ လှိုင်းများကို ပိုမိုပြင်းထန်စေနိုင်သော်လည်း၊ အဆိုပါငလျင်တွင် ထိုသို့သော အခြေအနေများ မရှိခဲ့ပေ။ ထို့ကြောင့် ဆူနာမီသည် မျှော်မှန်းထားသည် ထက် အားနည်းခဲ့ခြင်းဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂