ထရမ့်ကို ငြိမ်းချမ်းရေး Nobel ဆုအတွက် အဆိုပြု
အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးက သမ္မတ ဒေါ်နယ် ထရမ့်အား ငြိမ်းချမ်းရေး Nobel ဆုအတွက် အဆိုပြုလိုက်ပြီး ထရမ့်၏ အစ္စရေးနှင့် အီရန်ကြား ၁၂ ရက်ကြာ ပဋိပက္ခအပြီး စစ်ပြေငြိမ်းရေး ညှိနှိုင်းပေးမှုကို အကြောင်းပြုခဲ့သည်။
ထရမ့်က စစ်ပြေငြိမ်းရေး ညှိနှိုင်းရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အမေရိကန်သည် အီရန်၏ Fordow၊ Natanz နှင့် Esfahan နျူကလီးယားစက်ရုံများကို ယခင်က လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဖူးသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန် သမ္မတအဆိုအရ ထိုနေရာများသည် “လုံးဝအပြီးတိုင် ပျက်စီးသွားပြီ” ဟုဆိုသည်။ အီရန်ကမူ ၎င်း၏စက်ရုံများ ပျက်စီးခြင်းမရှိဟု ငြင်းဆို ထားပြီး ငြိမ်းချမ်းစွာ အသုံးချမည့် နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန် လုံးဝငြင်းဆိုထားသည်။
ရီပတ်ပလီကန် ကွန်ဂရက်အမတ် Earl "Buddy" Carter က Norwegian Nobel Committee သို့ ပေးစာတွင် အနောက်ဂျေရုဆလင် (အစ္စရေး) နှင့် တီဟီရန်ကြား စစ်ပြေငြိမ်းရေး ညှိနှိုင်းပေးရာတွင် ထရမ့်၏ “ထူးခြားပြီး သမိုင်းဝင်” ကဏ္ဍကို အကြောင်းပြု၍ အဆိုပြုခဲ့သည်။
“သမ္မတ ထရမ့်၏ ဩဇာလွှမ်းမိုးမှုကြောင့် မဖြစ်နိုင်ဟု များစွာ ယုံကြည်ထားသော သဘောတူညီချက်ကို မြန်ဆန်စွာ ရရှိခဲ့သည်” ဟု ကွန်ဂရက် အမတ်က ထရမ့်၏ Truth Social တွင် မျှဝေထားသောစာတွင် ရေးသားခဲ့သည်။
ထရမ့်သည် အီရန်၏ နျူကလီးယားရည်မှန်းချက်များကို ရပ်တန့်ရန် ရဲရင့်ပြီး ခိုင်မာသော လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်ခဲ့သည်ဟု Carter က ဆိုသည်။ အမေရိကန်သမ္မတ၏ ခေါင်းဆောင်မှုသည်လက်ရှိအချိန်တွင် Nobel ငြိမ်းချမ်းရေးဆု၏ စံနမူနာများကို “အထင်ကရ ကိုယ်စားပြုနေသည်” ဟု ၎င်းက ကောက်ချက်ချခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂