အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က VOA (Voice of America) ကို ဖျက်သိမ်းရန် ရီပတ်ဘလီကန်များ၏ ထောက်ခံမှုတောင်းဆို
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဝါဒလွှမ်းမိုးမှုများကို တိုက်ဖျက်ရန် ၁၉၄၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော VOA သည် စစ်အေး တိုက်ပွဲ ကာလ အတွင်း အမေရိကန်၏ သြဇာလွှမ်းမိုးရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ခဲ့သည်။
သို့သော် ထရမ့်က ယခုဆယ်စုနှစ်များအတွင်း VOA သည် ပါတီစွဲ သဘောထားများ ပိုမိုပါဝင်လာပြီး အစိုးရ၏ အလဟသ အသုံးစရိတ် များကို ဖြတ်တောက်ရန် ၎င်း၏ စီမံချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်းအား ပိတ်သိမ်းမည်ဟု ကတိပြုခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် “ရီပတ်ဘလီကန်တစ်ဦးတစ်ယောက်က ဒီမိုကရက်များ၏ ပါးစပ်ပေါက် (VOA) ကို ဆက်ရှိမနေသင့်ပါ၊ ယင်းသည် လက်ဝဲယိမ်းများ၏ ဘေးထွက် ဆိုးကျိုးဖြစ်ပြီး ရီပတ်ဘလီကန်များက ဆက်လက်ရှင်သန်ခွင့်ပေးရန် မဲမပေးသင့်ဘဲ ဖျက်ဆီးပစ်ရမည်” ဟု ရေးသားခဲ့သည်။
ထိုနေ့ အစောပိုင်းတွင် ထရမ့်၏ ဝါရင့်အကြံပေး ကာရီ လိတ်က VOA ကို ကြီးကြပ်သည့် USAGM (US Agency for Global Media) အေဂျင်စီသည် “အူမကြီးအထိ ပုပ်ပွနေပြီ” ဖြစ်ကာ ထရမ့်၏ “America First” မဟာဗျူဟာနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်သင့်ကြောင်း လွှတ်တော် နိုင်ငံခြားရေးကော်မတီသို့ ပြောကြားခဲ့သည်။
ကော်မတီဥက္ကဋ္ဌ Brian Mast က USAGM အား “သူလျှို၊ အလိမ်အညာနှင့် စီမံခန့်ခွဲမှုအလွဲများ၏ အညစ်အကြေးများစုစည်းရာနေရာ” အဖြစ် သတ်မှတ်ပြီး “၎င်းတို့ အနိုင်ယူရန် ဖန်တီးထားသည့် ဝါဒဖြန့်မှုများကို မြှင့်တင်ခဲ့သည်” ဟု စွပ်စွဲခဲ့သည်။
ထို့အပြင် ၎င်းက အဖွဲ့အစည်းအနေဖြင့် နိုင်ငံခြားသား အလုပ်ခန့်ထားမှု အများအပြားမှာ “လုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်သူများ” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ထရမ့်၏ အကြံပေး Kari Lake က USAGM နှင့် VOA တို့မှ အချိန်ပြည့်ဝန်ထမ်း ၆၄၀ နီးပါးနှင့် ကန်ထရိုက်ဝန်ထမ်း ၅၀၀ ကျော်အား အလုပ်မှထုတ်ပယ်ခဲ့ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ဖော် ပြောဆို ခဲ့သည်။
ဒီမိုကရက်များနှင့် မီဒီယာလွတ်လပ်ခွင့်လှုပ်ရှားမှုအဖွဲ့များက အဆိုပါ လုပ်ရပ်ကို ဝေဖန်ခဲ့ကြသည်။ Reporters Without Borders USA ၏ အမှုဆောင်ဒါရိုက်တာ Clayton Weimers က “VOA ကဲ့သို့သော အများ ပြည်သူမီဒီယာများကို အလုံးစုံဖျက်သိမ်းခြင်းသည် တရုတ်၊ အီရန်ကဲ့သို့သော အာဏာရှင်စနစ်ကျင့်သုံးသည့်နိုင်ငံများအတွက် ထရမ့်မှ မကြုံစဖူး လက်ဆောင်တစ်ခုဖြစ်သည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂