CIA က အီရန်၏ နျူကလီးယား အစီအစဉ်သည် 'ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း' ယုံကြည်
CIA ဒါရိုက်တာ ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) က အီရန်၏ နျူကလီးယား အစီအစဉ်ကို ပြန်လည်တည်ဆောက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်မှာ အမေရိကန်ကယူရေနီယမ် ထပ်တိုးသန့်စင်ရေး စက်ရုံများကို ဇွန် ၂၂ ရက်က တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်း၏ ထုတ်ပြန်ချက်သည် နာတန်ဇ် (Natanz)၊ ဖော်ဒိုး (Fordow) နှင့် အစ္စဖာဟန် (Isfahan) ရှိ အဆိုပါစက်ရုံများအား အမေရိကန်၏ “ဘန်ကာ ဘာ့စတာ” ဗုံးများဖြင့် တိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ ရက်ပေါင်းများစွာ မရေရာမှုများ ရှိနေခဲ့သည့် အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
“CIA အနေဖြင့် ယုံကြည်စိတ်ချရသော ထောက်လှမ်းရေး အချက်အလက် များအရ အီရန်၏ နျူကလီးယားအစီအစဉ်သည် မကြာသေးမီက တိကျစွာ တိုက်ခိုက်မှုများကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း အတည်ပြုနိုင် ပါသည်” ဟု ရက်ကလစ်ဖ်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ထုတ်ပြန်ခဲ့သည်။
၎င်းက ဆက်လက်၍ “၎င်းတွင် သမိုင်းကြောင်းအရ ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်သော အရင်းအမြစ်/နည်းလမ်းတစ်ခုမှ ရရှိသည့် သတင်း အချက်အလက်အသစ်များအရ အီရန်၏ အဓိက နျူကလီးယား စက်ရုံအချို့သည် ဖျက်ဆီးခံခဲ့ရပြီး ၎င်းတို့ကို ပြန်လည်တည်ဆောက်ရန် နှစ်ပေါင်း များစွာ ကြာမြင့်မည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) တို့က အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်းကို “အပြီးတိုင် ဖျက်ဆီးလိုက်ပြီ” ဟု ကြေညာခဲ့သော်လည်း၊ အမေရိကန်မီဒီယာများက ပျက်စီးမှုအခြေအနေကို ပိုမိုကြီးမားအောင် ချဲ့ကားဖော်ပြခဲ့ကြောင်း နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ပင်တဂွန်၏ ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) ၏ အစောပိုင်း အကဲဖြတ်ချက်များအရ အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယား အစီအစဉ်၏ အဓိက အစိတ်အပိုင်းများကို မဖျက်ဆီးနိုင်ခဲ့ဘဲ လပိုင်းသာ နောက်ကျသွားစေခဲ့သည်ဟု ရလဒ်များနှင့် ရင်းနှီးသော အရင်းအမြစ် များကို ကိုးကား၍ မီဒီယာအချို့က ဖော်ပြခဲ့သည်။
သို့သော် အစ္စရေးအရာရှိများက Axios သတင်းဌာနအား အဆိုပါ တိုက်ခိုက်မှုများသည် "အလွန်ကြီးမားသော" ပျက်စီးမှုကို ဖြစ်စေခဲ့သည် ဟု ပြောကြားခဲ့သည်။
ထရမ့်ဘက်မှလည်း အမေရိကန်မီဒီယာများက တိုက်ခိုက်မှုများ၏ အရေးပါမှု လျှော့ချရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့ပြီး၊ နောက်ပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များကို အဏုမြူ ဗုံးချခဲ့သည့် အဖြစ်အပျက်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။
အမေရိကန်သည် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်ခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်အား နျူကလီးယားလက်နက်များ ရရှိပိုင်ဆိုင်မှုကို တားဆီးရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
စစ်ဘက်ဆိုင်ရာ နျူကလီးယားအစီအစဉ် မရှိကြောင်း ငြင်းဆန်နေသည့် တီဟီရန်မှ သုတေသနနှင့် အရပ်ဘက် ရည်ရွယ်ချက်များအတွက် ယူရေနီယမ် ထပ်တိုးသန့်စင်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု ကတိ ပေးထားသည်။ ရုရှားဘက်မှလည်း အဆိုပါတိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး အီရန်၏ နျူကလီးယားလုပ်ဆောင်မှုများနှင့်ပတ်သက်၍ အနောက်နိုင်ငံ များက မှားယွင်းသော သတင်းများ ဖြန့်ဝေနေသည်ဟု စွပ်စွဲခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂