ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံး
အစ္စလာမ္မာဘတ် ဇွန် ၂၉
ပါကစ္စတန်နိုင်ငံ ခိုင်ဘာပွတ်ရှ် တွန်ဝါပြည်နယ်၌ ဇွန် ၂၈ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ရကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ခိုင်ဘာပွတ်ရှိတွန်ဝါ ပြည်နယ်မြောက်ဝါဇီရစ္စတန်ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀ ကျော်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း အသေခံ ဗုံးခွဲသမားတစ်ဦးက ပါကစ္စတန် စစ်ယာဉ်တန်းတစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စီးဖြင့် ဝင်တိုက်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
ဇွန် ၂၈ ရက် အသေခံဗုံးခွဲ တိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန် အုပ်စုက ကြေညာထားသည်။
အာဖဂန်နစ္စတန်ကို တာလီဘန် အုပ်စုက၂၀၂၁ ခုနှစ်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန် နစ္စတန်နှင့် ထိစပ်နေသည့် ပါကစ္စတန်ပြည်နယ်များဖြစ်သော ခိုင်ဘာ ပွတ်ရှ်တွန်ဝါနှင့် ဘလူချီစတန် ပြည်နယ်များ၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားမှုမြင့်တက်လာခဲ့သည်။
တာလီဘန်အုပ်စုအနေဖြင့် ပါကစ္စတန်အစိုးရအား တိုက်ခိုက်နေသော စစ်သွေးကြွအုပ်စုများကို အာဖဂန်နစ္စတန်၌ လက်ခံနေရာပေးထားကြောင်း ပါကစ္စတန် အစိုးရက စွပ်စွဲထားသည်။
Ref: RT
Trs: KKO
YDNB Newspaper