အစ္စရေးစစ်တပ်မှ အနောက်ဘက်ကမ်းဒေသ ကျေးရွာများတွင် အခြေချ နေထိုင်သူများကို တိုက်ခိုက်ပြီးနောက် အသက် ၁၅ နှစ်အရွယ် ပါလက်စတိုင်း လူငယ်ကိုသတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း အရာရှိများက ပြောကြား
ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးစစ်တပ်မှ ပါလက်စတိုင်းလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။ သိမ်းပိုက်ထားသောနယ်မြေတွင် အစ္စရေးအခြေချနေထိုင်သူများ၏ ပါလက်စတိုင်းနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်မှ Jenin မြို့အနီး Al Yamoun ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် အသက် ၁၅ နှစ်အရွယ် Rayan Tamer Hawshiya ၏ လည်ပင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Ramallah ရှိ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ မြို့ပေါ်ရှိနေထိုင်သူများက “အစ္စရေးတပ်များ၏ ပြင်းထန်စွာပစ်ခတ်မှုများ” ရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရသည်။
အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် Al Yamoun ကျေးရွာ၌ “အကြမ်းဖက်သမားများက IDF တပ်ဖွဲ့များအပေါ် ပေါက်ကွဲစေနိုင်သော ပစ္စည်းများနှင့် တိုက်ခိုက်ခဲ့ကြောင်း” ပြောကြားခဲ့ပြီး IDF တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသူမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“နောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များသည် အခြားပေါက်ကွဲစေနိုင်သော ပစ္စည်းများကို ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမားများ ချဉ်းကပ်လာသည်ကို သတိထားမိခဲ့သည်” ဟု IDF က CNN သို့ ပြောကြားခဲ့သည်။ “တပ်ဖွဲ့ဝင်များက ပစ်ခတ်တုံ့ပြန်ခဲ့ပြီး ပစ်မှတ်ထိမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သီးသန့်ဖြစ်စဉ်တစ်ခုအဖြစ် အစ္စရေးရဲတပ်ဖွဲ့မှ သိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်မြို့တွင် (၆၆) နှစ်အရွယ် ပါလက်စတိုင်း အမျိုးသမီး ကြီးတစ်ဦးသည် ပစ်ခတ်မှုများကြောင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ပါလက်စတိုင်းသတင်းဌာန WAFA ၏ ဖော်ပြချက်အရ အစ္စရေးရဲများက Shuafat ဒုက္ခသည်စခန်းသို့ ဝင်ရောက်စီးနင်းပြီးနောက် Zahia Joudeh al-Obeidi သည် ဒဏ်ရာပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရှိရသည်။
အစ္စရေးရဲတပ်ဖွဲ့က အရှေ့ဂျေရုဆလင်မြို့သူတစ်ဦး သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုမြို့သူ သည် Shuafat စစ်ဆေးဂိတ်သို့ရောက်ရှိချိန်တွင် ကျန်းမာရေးဝန်ထမ်းများက “သေဆုံးသွားပြီဖြစ်သည်” ဟု အတည်ပြုခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါသေဆုံးမှုများသည် အနောက်ဘက်ကမ်းရှိ Kafr Malik မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုမြို့တွင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်း နိုင်ငံသားများ၏ အိမ်များနှင့် ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အစ္စရေးပါလီမန် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးက ယင်းဖြစ်စဉ်ကို “အကြမ်းဖက်ဂျူးလူမျိုးစုသတ်ဖြတ်မှု” ဟု ရည်ညွှန်းပြောကြားခဲ့သည်။ ပါလက်စတိုင်းနှင့် အစ္စရေးအာဏာပိုင်များအဆိုအရ လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂