ကနေဒါနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ရုပ်သိမ်း

News Image

  • ကနေဒါနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ရုပ်သိမ်း

ကနေဒါအစိုးရက တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် အွန်လိုင်းကုမ္ပဏီများကို အခွန်ကောက်ခံသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (Digital Services Tax - DST) ကို ရုပ်သိမ်းသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ဆောင်ရွက် ချက်သည် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြန်လည် စတင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၂၇) တွင် ကနေဒါနိုင်ငံအား အမေရိကန်ကို တိုက်ရိုက်နှင့် ထင်ရှားသော စော်ကားမှု ဟုခေါ်ဆိုကာ အဆိုပါ အခွန်စနစ်ကို အပြစ်တင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးပွဲများကို ရုတ်သိမ်းလိုက်ကြောင်း ကြေညာ ခဲ့သည်။

တနင်္ဂနွေ (ဇွန် ၂၉) ညနေပိုင်းတွင် ထုတ်ပြန်သော ကနေဒါအစိုးရ၏ ကြေညာချက်အရ အခွန်စနစ်ကို ယာယီရပ်ဆိုင်းခြင်းဖြင့် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။

“အဆိုပါညှိနှိုင်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီး Francois-Philippe Champagne က ကြေညာချက် တွင် အမေရိကန်နှင့် အပြန်အလှန်အကျိုးရှိသော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရန် မျှော်မှန်းချက်ဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (DST) ကို ရုပ်သိမ်းသွားမည်ဟု ပြောကြားခဲ့သည်” ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

“အဆိုပါလုပ်ဆောင်ချက်နှင့်အညီ ဝန်ကြီးချုပ် ကာနီနှင့် သမ္မတ ထရမ့် တို့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မတိုင်မီ သဘောတူညီချက် ရရှိရန် ရည်ရွယ်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ ကြသည်။”

CNN သတင်းဌာနက ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ထံမှ သဘောထားမှတ်ချက်တောင်းခံထားသော်လည်း ယခုအချိန်အထိ အကြောင်း ပြန်ကြားခြင်း မရရှိသေးပေ။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂