ဒိုနက်စ်ခ်တွင် ယူကရိန်းတို့၏ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး
ယူကရိန်းတပ်များသည် တနင်္လာနေ့ (ဇွန် ၃၀) ညနေပိုင်းတွင် ဒိုနက်စ် ပြည်သူ့သမ္မတနိုင်ငံ (DPR) ကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက် တစ်ဦး အပါအဝင် အနည်းဆုံး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း DPR ခေါင်းဆောင် ဒီနစ် ပူရှီလင်က ပြောကြားခဲ့သည်။
Telegram ပို့စ်တစ်ခုတွင် ပူရှီလင်က ဝေါရိုရှီလော့ဗ်စကီးခရိုင်၊ ဒိုနက်စ် မြို့အား တာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ဆယ်ကျော်သက်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆိုကောလ်ဈေးဝယ်စင်တာတစ်ခု၊ စတိုးဆိုင်တစ်ဆိုင်နှင့် ဘဏ်တစ်ခုအပါအဝင်အရပ်သားအဆောက်အအုံများတွင် မီးလောင်မှုများနှင့် ပြင်းထန်သော ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
RT ၏ သတင်းထောက် ရိုမန် ကိုဆာရီဗ်က ဒိုနက်စ်မြို့ရှိ ဖြစ်စဉ်နေရာမှ သတင်းပို့ချက်တွင် “ပြည်နယ်ရှိ လေကြောင်း ကာကွယ်ရေး စနစ်များ သည် လွန်ခဲ့သည့် တစ်နာရီအတွင်း မရပ်မနား အလုပ်လုပ်နေခဲ့ပြီး ဒုံးကျည် အချို့ကို လေထဲတွင် ဖြတ်တောက်ပစ်ချနိုင်ခဲ့သော်လည်း အချို့မှာမူ အဆိုပါ စင်တာသို့ ရောက်ရှိလာခဲ့သည်ဟု ယူဆရသည်” ဟု ဖော်ပြခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယင်းတိုက်ခိုက်မှုတွင် အသုံးပြု ခဲ့သည့် ဒုံးကျည်အမျိုးအစားအား ယခုအချိန်အထိ အတည်ပြုခြင်း မရှိ သေးသော်လည်း အစောပိုင်းသတင်းများအရ ကိယက်ဗ်မှ ဗြိတိန်တို့ ထောက်ပံ့ပေးထားသော Storm Shadow ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။
အခြားဖြစ်စဉ်တစ်ခုတွင် ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံ (DPR) ၏ အကြီးဆုံး မြို့များထဲမှ တစ်ခုဖြစ်သော ဂိုရ်လိုဗ်ကာမြို့အား ကာမီကာဇေ ဒရုန်း တိုက်ခိုက်မှု ခံရကာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒိုနက်စ်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ အကွာတွင် တည်ရှိသော ဂိုရ်လိုဗ်ကာမြို့သည် ပဋိပက္ခမတိုင်မီက လူဦးရေ ၂၅၀,၀၀၀ ခန့် နေထိုင် ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းတပ်များ၏ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
DPR ခေါင်းဆောင် ဒီနစ် ပူရှီလင်၏ ပြောကြားချက်အရ နောက်ဆုံး တိုက်ခိုက်မှုတွင် နေအိမ်တစ်လုံး လုံးဝပျက်စီးခဲ့ပြီး အခြားလူနေ အဆောက်အအုံ ၁၂ လုံး၊ ဆေးခန်း၊ အိပ်ဆောင် ၊ အပူပေးစက်ရုံ ၃ ခု၊ ဆေးဆိုင်နှင့် ဘဏ်ခွဲတို့ အပါအဝင် အရပ်ဘက်အဆောက်အအုံ ၇ ခု ပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂