တောင်ကြီး ကန်စွန်းဥဈေးကွက်တွင် ငချိတ်ကန်စွန်းဥများ အရောင်းသွက်

News Image

  • တောင်ကြီး ကန်စွန်းဥဈေးကွက်တွင် ငချိတ်ကန်စွန်းဥများ အရောင်းသွက်

ရန်ကုန် နိုဝင်ဘာ ၂၇

တောင်ကြီး ကန်စွန်းဥဈေးကွက်အတွင် ရွှေဝါကန်စွန်းဥထက် ငချိတ်ကန်စွန်းဥက ပိုမိုအရောင်းသွက်နေကြောင်း၊ ရွှေဝါကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဥနှစ်မျိုးအနက် ငချိတ်ကန်စွန်းဥများကို မုန့်လုပ်ရာတွင် မိုမိုအသုံးပြုကြသဖြင့် ရောင်းအားပိုကောင်းနေကြောင်း သိရသည်။

“ကန်စွန်းဥက ရွှေဝါနဲ့ ငချိတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ရွှေဝါထက် ငချိတ်က အရောင်းပိုလိုက်တယ်။ တာချီလိတ်တို့၊ မြိတ်တို့ဘက်ဆို အမှာတော်တော်များတယ်။ အဓိက တာချီလိတ်ဘက်က ပိုပြီး အမှာများတယ်။ နယ်စပ်ဖြစ်တဲ့အတွက် သူက ရှယ်အလှတွေသုံးတာများတယ်။ ဆိုဒ်အသေးတွေကျ ပဲခူးဘက်က အမှာများတယ်။ မြိတ်ဘက်ကလည်း ဆိုဒ်အသေးတွေ မှာယူတာများတယ်။ ငချိတ်ကို ပိုမှာကြတယ်။ ငချိတ်က ပိုပျော့တယ်၊ ရွှေဝါကျတော့ ခဲခဲလေးနေတယ်။ ငချိတ်ကို မုန့်တွေပြန်လုပ်ကြတယ်။ ကန်စွန်းဥကို ဆနွင်းမကင်းတို့၊ သာကူတို့ထဲမှာလည်း အတုံးလေးတွေ ထည့်ပြီး အသုံးပြုကြတယ်” ဟု တောင်ကြီးမြို့နယ်ရှိ အသီးအနှံလက်လီလက်ကားရောင်းဝယ်ရေးလုပ်ကိုင်သည့် မစန္ဒီတာရာက ပြောသည်။ 

ငချိတ်ကန်စွန်းဥတွင် ရှမ်းငချိတ်နှင့် ဂျပန်ငချိတ်ဟူ၍ နှစ်မျိုးရှိရာ တောင်ကြီးဒေသတွင် ဂျပန်ငချိတ်ကို ပိုမို စိုက်မျိုး‌ကြောင်းသိရသည်။

“ရှမ်းငချိတ်ကျတော့ ညီမတို့က ဒေသငချိတ်လို့ခေါ်ကြတယ်။ ဂျပန်ငချိတ်ကတော့ အဖြူရောင်မရောဘူး၊ လုံးဝ ခရမ်းရောင်သန်းတယ်။ ဈေးကလည်း နည်းနည်းပိုတယ်။ ဒေသက နည်းနည်းလျော့တယ်။ အခုအချိန်က ကန်စွန်းဥ နည်းနည်းပေါနေတော့ ဈေးတော့သင့်တင့်တယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

Thit Taw

Source- ကြေးမုံသတင်းစာ