Trump ၏ အကောက်ခွန်ခြိမ်းခြောက်မှုများကြားတွင် BRICS ခေါင်းဆောင်များ တွေ့ဆုံ

News Image

  • Trump ၏ အကောက်ခွန်ခြိမ်းခြောက်မှုများကြားတွင် BRICS ခေါင်းဆောင်များ တွေ့ဆုံ

(DW News, ဇူလိုင် ၇ ရက်)

တနင်္ဂနွေနေ့ (ဇူလိုင် ၆)က ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ၏ ထွန်းသစ်စ BRICS ခေါင်းဆောင်များ ရေယိုဒီဂျနေရိုးတွင် တွေ့ဆုံ၍ ယင်းအုပ်စု၏ သံတမန်နည်းလမ်းဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက် ရေး ဆိုင်ရာ ကတိကဝတ်ကို အတည်ပြုခဲ့ကြပါသည်။ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က “ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်သည့်စနစ် ယှဉ်ပြိုင်စွမ်းအားမရှိဘဲ ပြိုလဲလာနေပြီကို မိမိတို့ မျက်ဝါးထင်ထင် တွေ့မြင် နေရပါပြီ” “အကယ်၍ နိုင်ငံတကာအုပ်ချုပ်မှုအစဉ်သည် ၂၁ ရာစု ဗဟု မဏ္ဍိုင်စနစ်ကို အမှန်တကယ် ထင်ဟပ်ပေါ်လွင်မှု မရှိခဲ့ပါလျှင်၊ ယင်းဖြစ်စဉ်ကို ကူညီရန်အတွက် BRICS တွင် တာဝန်ရှိပါသည်”ဟု ပြောကြားပါသည်။

၎င်းက NATO နေတိုး၏ စစ်အသုံးစရိတ်ကို ဂျီဒီပီ၏ ၅ % အသုံးပြုရန် ယခင်လက လျာထားသတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းစစ်အုပ်စုသည် ကမ္ဘာ့စစ်မက်များကို မီးထိုးပေးနေသည့် အဖွဲ့ အဖြစ် အပြစ်တင်လိုက်ပါသည်။  BRICS နိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ “မခွဲခြားဘဲ”ချမှတ်သည့် အကောက်အခွန်နှုန်းထားဆိုင်ရာမူဝါဒကို ရှုတ်ချခဲ့ကြပါသည်။ "ကုန်သွယ်မှု ကို ကမောက်ကမဖြစ်စေပြီး WTO စည်းမျဉ်းများနှင့် မကိုက်ညီသည့် တစ်ဖက်သတ် အကောက် အခွန်နှင့် အကောက်ခွန်မဲ့ အစီအမံများ တိုးမြှင့်လာခြင်းအတွက် စိုးရိမ်ပူပန်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အကျိုးသက်ရောက်စေနိုင်ကြောင်း” ၎င်းတို့က ဆိုပါသည်။

ယခုအချိန်အထိ ဝါရှင်တန်နှင့်ညှိနှိုင်းမှု မပြုရသေးသည့် နိုင်ငံများအား ဩဂုတ်လ ၁ ရက်နေ့တွင် အကောက်အခွန် နှုန်းထား ၅၀ % ကောက်ခံရန် ချမှတ်နိုင်ဖွယ်ရှိကြောင်း ထရမ့်က ပြောပါသည်။  တနင်္ဂနွေနေ့(ဇူလိုင် ၆)က အမေရိကန်သမ္မတက BRICS နိုင်ငံများပေါ် အကောက်အခွန်နှုန်းထား ၁၀ % ထပ်ဆောင်း ချမှတ်လိုက်ပါသည်။   “BRICS ကဲ့သို့သော အမေရိကန်ကို ဆန့်ကျင်သည့် မူဝါဒ ရှိသည့် မည်သည့် နိုင်ငံအဖွဲ့အစည်း မဆို ထပ်ဆောင်း အကောက်အခွန်နှုန်းထား ၁၀ % ကောက်ခံသွားမည် ဖြစ်ပြီး၊ ယင်း မူဝါဒအတွက် ကင်းလွတ်ခွင့်  လုံးဝမရှိ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာ တွင် ရေးသားခဲ့ပါသည်။

ယင်းသို့ ရေးသားရာတွင် ထရမ့်က “အမေရိကန် ဆန့်ကျင်သည့် မူဝါဒ”နှင့်ပတ်သက်၍ ရှင်းလင်း ဖွင့်ဟထားခြင်း မရှိပါ။ ယင်း BRICS အုပ်စု၏ မူလအဖွဲ့ဝင်နိုင်ငံများမှာ  ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ဖြစ်ကြပြီး၊  နောက်ပိုင်းတွင် အဖွဲ့ဝင်များတိုးတက်လာကာ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အင်ဒိုနီးရှားတို့ ယမန်နှစ်က အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ကြပါသည်။  ယင်းတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ရှိပါသည်။

၂၀၁၂ ခုနှစ် တရုတ်နိုင်ငံခေါင်းဆောင် ဖြစ်လာပြီးကတည်းက ယခုအကြိမ်သည် ပထမဆုံး တရုတ် သမ္မတ ရှီကျင့်ဖျင် BRICS ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။   ရှီက တရုတ် ဝန်ကြီးချုပ် လီကျင်းကို ပေကျင်းကိုယ်စား အစည်းအဝေးတက်ရောက်စေခဲ့ပါသည်။  ရေယိုဒီ ဂျနေရိုး သို့  ရှီကျင်ဖျင် အစည်းအဝေး မတက်ရောက်ဖြစ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တစ်စုံတစ်ရာ ပြောကြားခြင်းမရှိခဲ့ပါ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့သော်လည်း ဗီဒီယို စနစ်ဖြင့် ပါဝင်ခဲ့ပါသည်။   ပူတင်သည် နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှ ယူကရိန်းအရေးနှင့် ပတ်သက်၍ အလိုရှိနေသူ တစ်ဦးဖြစ်ပြီး ၊ ဘရာဇီးနိုင်ငံသည် အဆိုပါ ခုံရုံး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ရာ၊ အကယ်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်လာလျှင် ဖမ်းဆီးပေးရန် တာဝန်ရှိသည့် နိုင်ငံဖြစ်ပါသည်။ 

“လွတ်လပ်မှုရှိသည့် ကမ္ဘာ့လွှမ်းခြုံမှုဖြစ်စဉ်၏ အားနည်းချက်များကို အရာအားလုံးက ညွှန်ပြ နေကြ ပြီဖြစ်ပြီး” “စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ၏ ဗဟိုချက်သည် ထွန်းသစ်စ ဈေးကွက်သို့ ဦးတည် နေပါသည်” ဟု ပူတင်က ထပ်လောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများ အားလုံးကို သဘာဝအရင်းအမြစ်များဆိုင်ရာကဏ္ဍ၊ ကုန်စည်ဖြန့်ဖြူးမှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဘဏ္ဍာရေး ကဏ္ဍ စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်ကြ ရန် တိုက်တွန်း ခဲ့ပါသည်။

တစ်ချိန်တည်းမှာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း BRICS သည် ကမ္ဘာ့တောင်ခြမ်းကို ပိုမို ကောင်းမွန်သည့် ကမ္ဘာ့ဗဟုမဏ္ဍိုင်စနစ်ဖြင့် ဦးဆောင်ရမည်ဟု ပြောကြားခဲ့ပါသည်။   

ကိုးကား- DW News

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ