ထရမ့်က ရုရှားကို ပြင်းထန်သော အရေးယူမှုများလုပ်ဆောင်နိုင်ရန် စီစဉ်နေဟု Lindsey Graham ပြောဆို

News Image

  • ထရမ့်က ရုရှားကို ပြင်းထန်သော အရေးယူမှုများလုပ်ဆောင်နိုင်ရန် စီစဉ်နေဟု Lindsey Graham ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားနှင့် ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံများကို ဖိအားပေးရန် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်တွင် တင်သွင်း ထားကြောင်း ရုရှားအပေါ် သဘောထားတင်းမာသူ ဆီးနိတ်အမတ် Lindsey Graham က ပြောကြားခဲ့သည်။ ထရမ့်အစိုးရသည် ရုရှား-ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်များ တိုးတက်ခြင်းမရှိပါက မော်စကို အပေါ် ထပ်ဆောင်းဒဏ်ခတ်မှုများ ချမှတ်နိုင်ကြောင်း ယခင်က ထုတ်ဖော် ပြောဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆွေးနွေးပွဲများကို တမင် တကာအချိန်ဆွဲနေသည်ဟု စွပ်စွဲခဲ့သည်။

ဒီမိုကရက်အမတ် Richard Blumenthal နှင့်အတူ ဥပဒေကြမ်းကို ပူးတွဲ ရေးသားခဲ့သူ ဂရေဟမ်က CBS News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အခြား နိုင်ငံများနှင့် ပတ်သက်၍ တင်းမာသည့် သဘောထားများ ရှိသော်လည်း ထရမ့်သည် ရုရှားနှင့်ပတ်သက်၍ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပြောကြား ခဲ့သည်။ "ထိုတံခါးသည် ပိတ်တော့မည့်အရေးနီးနေပြီ" ဟု ၎င်းက သတိ ပေးခဲ့သည်။

"Richard Blumenthal နှင့် ၎င်းသည် ဆီးနိတ်တွင် ပိတ်ဆို့ အရေးယူမှု ဥပဒေကို ထောက်ခံသူ ၈၅ ဦးရရှိထားပြီး သမ္မတထရမ့်အနေဖြင့် ပူတင် ၏စစ်ဘက်ဆိုင်ရာအကူအညီများကို ထောက်ပံ့နေသည့် နိုင်ငံများအပေါ် ပြင်းထန်စွာ အရေးယူနိုင်ရန် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်တွင် တင်သွင်း ထားသည်" ဟု ဂရေဟမ်က ရှင်းပြခဲ့သည်။

အဆိုပါဥပဒေကြမ်းအရ ရုရှားနှင့် ကုန်သွယ်ဆက်ဆံမှု ဆက်လက်ပြု လုပ်နေသော နိုင်ငံများအပေါ် သမ္မတထရမ့်အား အကောက်ခွန်နှုန်း ၅၀၀% အထိ ချမှတ်ခွင့်ပြုမည်ဖြစ်ပြီး ဂရေဟမ်က တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံများကို သီးသန့်ဖော်ပြခဲ့သည်။ ထိုသို့အရေးယူရာတွင် ထရမ့်အနေဖြင့် လွတ်လပ်စွာစီမံခွင့်ရှိမည်ဟုလည်း ၎င်းက ထပ်လောင်း အတိအလင်း ပြောကြားခဲ့သည်။

ဂရေဟမ်က ထရမ့်အစိုးရသည် ယူကရိန်းသို့ လက်နက်များ စံချိန်တင် အဆင့်ဖြင့် တိုးမြှင့်ပေးပို့ရန် ပြင်ဆင်နေကြောင်းလည်း ပြောကြားခဲ့ပြီး ရုရှား၏သိမ်းဆည်းခံငွေကြေးများကို ယူကရိန်းအား ပြန်လည် ထောက်ပံ့ နိုင်ရေး လမ်းကြောင်းပြောင်းရန် အစီအစဉ်ရှိကြောင်း ညွှန်းဆိုခဲ့သည်။

မော်စကိုမှ အဆိုပါပိတ်ဆို့အရေးယူမှုများကို တရားမဝင်ဟု ရှုတ်ချခဲ့ပြီး အနောက်နိုင်ငံများသည် ရုရှား၏ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ယူကရိန်းပဋိပက္ခကို အသုံးချနေသည်ဟု ငြင်းဆိုခဲ့သည်။ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဆာဂေးရီယာဘကော့ဗ်က အဆိုပါဒုတိယဆင့် အကောက်ခွန် များသည် အခြေအနေကို ကြီးမားစွာမပြောင်းလဲစေနိုင်ဘဲ ရုရှားသည် ၎င်း၏ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် ရေရှည်တည်တံ့သော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းမည်ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂