မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အမျိုးသား သုံးဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်
23 July 2025
လက်နက်ကိုင်အကြမ်းဖက်သမားအဖွဲ့များသည် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများ၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ စသည့် လူမဆန်သည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးကိုကြီး(၄၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဇင်မာစန်း(၄၈)နှစ်၊ သားဖြစ်သူ ကိုဇင်ကို(၂၅)နှစ်တို့နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ် တစ်စီးဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ကိုဇင်ကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ သေဆုံးသွားခဲ့ပြီး ဒေါ်ဇင်မာစန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဦးကိုကြီးနှင့် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ကိုမိုးရှီ(ခ)အောင်စိုး(၂၀)နှစ်၊ ကိုဖိုးကျော်(ခ)ဇော်မင်းသူ(၃၄)နှစ်တို့ သုံးဦးအား ကျေးရွာအနောက်ဘက်ရှိ ထန်းပေါက်ကုန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ ဒေါ်ဇင်မာစန်းအား ဆေးကုသနိုင်ရေး တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA