စပိန်က အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းကာ ဥရောပမှ အခြားရွေးချယ်စရာများကို စဉ်းစားနေ

စပိန်အစိုးရက လော့ခ်ဟိမာတင်ကုမ္ပဏီထံမှ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ယင်းအစား ဥရောပမှထုတ်လုပ်သည့် အခြားရွေးချယ်စရာ များကို စဉ်းစားလျက်ရှိသည်ဟု ဩဂုတ် ၆ ရက်ထုတ် El Pais သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ပဥ္စမမျိုးဆက် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရသတင်းရင်းမြစ်များ၏ အဆိုကို ကိုးကား၍ El Pais က ဖော်ပြခဲ့သည်။ စပိန်အနေဖြင့် Eurofighter ဘက်စုံသုံးတိုက်လေယာဉ် သို့မဟုတ် ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် ကာကွယ်ရေးစီမံကိန်းဖြစ်သည့် Future Combat Air System (FCAS) မျိုးဆက်သစ် တိုက်လေယာဉ်တို့အနက်မှ အမျိုးအစား တစ်မျိုးမျိုးဖြင့် ယင်း၏ ကာကွယ်ရေးစွမ်းရည်အား အင်အားဖြည့်တင်းရန် အာရုံစိုက်သွားမည်ဟု သိရသည်။

F-35 တိုက်လေယာဉ်များအား စပိန်ရေတပ်၏ Harrier AV-8B အမျိုးအစား မြေပြင်တိုက်ခိုက်ရေး လေယာဉ်အုပ်၏ နေရာတွင် အစားထိုးရန်အတွက်လည်းကောင်း၊ စပိန်လေတပ်၌ အနားပေး တော့မည့် F-18 တိုက်လေယာဉ်များနှင့် အသစ်ရောက်လာဖွယ်ရှိသည့် FCAS တိုက်လေယာဉ်များ၏ ကွာဟချက်ကို ယာယီထိန်းညှိပေးနိုင်မည့် ဖြေရှင်းနည်းတစ်ခုအဖြစ်လည်းကောင်း ရှုမြင်ထားခြင်း ဖြစ်သည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ၎င်း၏အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ ၏ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ယခုနှစ်အစောပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။

ကိုးကား- Xinhua

Subject-Image

  • စပိန်က အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းကာ ဥရောပမှ အခြားရွေးချယ်စရာများကို စဉ်းစားနေ

Posted-Date