UNESCO မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း အိမ်ဖြူတော် ပြောကြား

အမေရိကန် အကျိုးစီးပွားနှင့် မကိုက်ညီသည့်အတွက် UNESCO မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး လက်ထောက် အဖွဲ့ခေါင်းဆောင် Anna Kelly က ပြောကြားလိုက် ပါသည်။

လွန်ခဲ့သော နိုဝင်ဘာလက ကျင်းပသော သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလက ဒေါ်နယ်ထရမ့် ကတိပြုခဲ့သော မူဝါဒများအရ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးတွင် အမေရိကန်အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုမှာ မိမိ နိုင်ငံ၏ အကျိုးစီးပွားနှင့်ကိုက်ညီမှု မရှိပါက နုတ်ထွက်ရန် အာရုံစိုက် ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ UNESCO မှအမေရိကန် ပြည်ထောင်စု နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း Kelly က New York Post သို့ မှတ်ချက်ပြု ပြောကြားထားပါသည်။

အစ္စရေးဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေး လုပ်ရပ်များ မြှင့်တင်ရန် ယူနက်စကို အမှုဆောင်ဘုတ်အဖွဲ့ အသုံးချခဲ့ပြီး UNESCO ၏ လက်ထောက် အကြီးအကဲ Xing Qu သည် တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ပေကျင်း၏ အကျိုးစီးပွားနှင့်ကိုက်ညီမည့် စံနှုန်းများကို မြှင့်တင်ရန် ယူနက်စကို အသုံးချခဲ့သည်ဟု သူမက ယုံကြည်ပါကြောင်း သူမက ထပ်လောင်း ပြောကြားထားပါသည်။

ဖေဖော်ဝါရီ ၄ ရက်က ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ (UNHRC) နှင့် အရှေ့အနီးရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) တို့မှ အမေရိကန်အား နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး အမိန့်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ ပါသည်။ ထို့နောက် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ဒေါ်နယ် ထရမ့်က အပြင်းအထန် ဝေဖန်ခဲ့ပါသည်။ ထို့နောက် UNESCO နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်ရန် ညွှန်ကြား ခဲ့ပါသည်။

ယူနက်စကိုမှ အမေရိကန်က နုတ်ထွက်ခြင်းမှာ ယခုမှာ ပထမဆုံး အကြိမ် မဟုတ်ပါ။ ၁၉၈၄ ခုနှစ်တွင် သမ္မတ Ronald Reagan လက်ထက်က နိုင်ငံရေးဩဇာကို အလွန်အကျွံ အသုံးချမှုနှင့် ဘဏ္ဍာငွေ စီမံခန့်ခွဲမှု လွဲမှားမှုတို့ကို အကြောင်းပြ၍   UNESCO မှ နှုတ်ထွက်ခဲ့ပြီး   ၂၀၀၃ ခုနှစ် တွင် ပြန်လည်ပူးပေါင်းခဲ့ပါသည်။

ထို့ပြင် ဒေါ်နယ်ထရမ့်၏ သမ္မတ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ် တွင် ယူနက်စကို၏ တိုးပွားလာသောကြွေးမြီများ၊ ကြီးမားသော ပြုပြင် ပြောင်းလဲမှုများ လိုအပ်မှုနှင့် အစ္စရေးဆန့်ကျင်ရေးဘက်လိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို အကြောင်းပြ၍ အမေရိကန် က UNESCO မှ ထပ်မံနုတ်ထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည် ပူးပေါင်းခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

Subject-Image

  • UNESCO မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း အိမ်ဖြူတော် ပြောကြား

Posted-Date