အစ္စရေးသည် တောမီးအန္တရာယ်ကာကွယ်ပေးမည့် FIREDOME စနစ်ကို တီထွင်နေ
၁။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးများလောင်ကျွမ်း၍ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီးနောက် အစ္စရေးအခြေစိုက်ကုမ္ပဏီတစ်ခုသည် တောမီးများကို လျင်မြန်စွာငြိမ်းသတ်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။ အစ္စရေးအခြေစိုက်ကုမ္ပဏီဖြစ်သော FireDome သည် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး မီးလောင်ကျွမ်းမှုထိန်းချုပ်ရာတွင်ထိရောက်မှုရှိသည့် ဆန်းသစ်သောတောမီးကာကွယ်ရေးစနစ်အား တီထွင်ထုတ်လုပ်လျက်ရှိသည်။ မူပိုင်ခွင့်စောင့်ဆိုင်းဆဲဖြစ်သော အဆိုပါစနစ်သည် ကုမ္ပဏီ၏ဝဘ်ဆိုက်တွင်ဖော်ပြထားသည့်အတိုင်း ထိရောက်သော တောမီးလောင်ကျွမ်းမှုရှာဖွေထောက်လှမ်းခြင်း၊ ကာကွယ်ခြင်းနှင့်ငြှိမ်းသတ်ခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် အဆင့်မြင့် AI နည်းပညာနှင့်ကာကွယ်ရေးနည်းဗျူဟာများပေါင်းစပ်ထားသည်။ ၎င်းသည် မီးလောင်မှုဖြစ်ပွားနိုင်သည့်ဧရိယာများကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး ပြင်ပရင်းမြစ်များကို မှီခိုအားထားရန်မလိုသောစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် မီးဘေးအန္တရာယ်ဖြစ်ပွားမှသာအလိုအလျောက် စတင်လုပ်ဆောင်မည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်သောတောမီးအန္တရာယ်
၂။ အမေရိကန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့်တောမီးလောင်ကျွမ်းမှုသည် ၎င်း၏ဖျက်ဆီးနိုင်စွမ်းကို ပြသလျက်ရှိသည်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အဆိုပါမီးလောင်မှုသည် ကုန်ကျစရိတ်နှင့်ပမာဏအရ အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ ဤကဲ့သို့ မီးလောင်ကျွမ်းခဲ့မှုတစ်ခုတည်းကြောင့် ဘဏ္ဍာရေးအရဆုံးရှုံးမှုတန်ဖိုးသည် ခန့်မှန်းခြေ ဒေါ်လာ ၂၅၀ ဘီလီယံအထိရှိနိုင်ကြောင်း သိရသည်။ တောမီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး လူ ၂၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်းများရှိကြောင်း သိရသည်။ အစောပိုင်းအစီရင်ခံစာများအရ ၂၀၂၃ ခုနှစ်တစ်ခုတည်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ မြေဧကတစ်ဘီလီယံနီးပါးပျက်စီးခဲ့ပြီး လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၆.၅ ဘီလီယံ ထုတ်လွှတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တောမီးလောင်ကျွမ်းစဉ်အတွင်း ကာဗွန်မိုနော့ဆိုဒ်ကဲ့သို့ အန္တရာယ်ကြီးမားသော ဓာတ်ငွေ့များနှင့် မီးခိုးပြာအမြောက်အမြားလည်း ထွက်ပေါ်ခဲ့သည်။ ဤဓာတ်ငွေ့များသည် ကမ္ဘာကြီးပူနွေးလာစေရန် များစွာအထောက်အကူပြုသောကြောင့် ရာသီဥတု ပြောင်းလဲလာစေသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ယူဆနိုင်သည်။ US Joint Economic Committee ၏ ၂၀၂၃ ခုနှစ်အစီရင်ခံစာအရ အမေရိကန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှုသည် နှစ်စဉ် ၃၉၄ ဘီလီယံမှ ၈၉၃ ဘီလီယံကြားရှိကြောင်း သိရသည်။
FireDome ၏ တောမီးအန္တရာယ်ကာကွယ်မှုနည်းလမ်း
၃။ FireDome သည် အစ္စရေးနိုင်ငံမှ အသုံးပြုနေသည့် နာမည်ကျော် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သော Iron Dome စနစ်ကို အခြေခံ၍တီထွင်ထားပါသည်။ Iron Dome သည် လက်ရှိကမ္ဘာပေါ်တွင်အသုံးပြုနေသော ထိပ်တန်းစနစ်များထဲမှတစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။ FireDome က ၎င်း၏ စနစ်သည် အလားတူနည်းလမ်းကိုအသုံးပြုထားပြီး ကင်မရာများနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့ဖြင့် စောင့်ကြည့်စစ်ဆေးပြီးနောက် မီးဘေးကာကွယ်ရေးအတားအဆီးတစ်ခုကို ဖြန့်ကြက်ထားရှိမည်ဖြစ်သည်ဟုဆိုသည်။ တောမီးလောင်ကျွမ်းမှုကိုသိရှိပြီးနောက် မီးလောင်ကျွမ်းနေသည့်လမ်းကြောင်းကို တိုက်ရိုက်ပိတ်ဆို့ရန် မီးဘေးအတားအဆီးကွန်ရက်တစ်ခုကို ဦးစွာဖြန့်ကြက်လိုက်မည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ပထမအတားအဆီးကိုဖြတ်ကျော်လာသော မီးကျီမီးခဲများကြောင့် ပေါ်ပေါက်လာသော မီးတောက်မီးလျှံများကို ရှာဖွေ၍ထိရောက်စွာငြိမ်းသတ်ပေးမည်ဖြစ်သည်။
၄။ ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Gadi Benjamini က တောမီးတိုက်ဖျက်ရေးစနစ်၏ ပထမဗားရှင်းသည် မီးသတ်ဆေးတောင့်များကို တစ်မိုင်၏လေးပုံတစ်ပုံအကွာအဝေးအထိ ပစ်လွှတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ဆေးတောင့်များကို တစ်မိုင်အကွာအဝေးအထိ ပစ်လွှတ်နိုင်သည့် အဆင့်မြှင့်တင်ထားသော ဗားရှင်းများကို မိတ်ဆက်ပေးရန်လည်း စီစဉ်ထားသည်။ ဤစနစ်၏ အားသာများထဲမှတစ်ခုမှာ တောမီးကိုတိုက်ဖျက်ရန်အတွက် မြေပြင်တွင်အဖွဲ့ဝင်အမှုထမ်းများ မလိုအပ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ အသက်ဆုံးရှုံးမှုအန္တရာယ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် စနစ်တစ်ခုတည်းဖြင့် ကြီးမားသောမြေဧရိယာကို မီးဘေးအန္တရာယ်မှကာကွယ်ပေးနိုင်သည်ဟု ဆိုထားသည်။ အဆိုပါစနစ်သည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ မီးငြိမ်းသတ်နိုင်သော စွမ်းရည်ပါရှိသည်။ Firedome ကုမ္ပဏီသည် အဆိုပါစနစ်ကို ၂၀၂၅ ခုနှစ် မေလတွင် စမ်းသပ်ရန် စီစဉ်နေပြီး ၂၀၂၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စမ်းသပ်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
Source: https://interestingengineering.com/innovation/firedome-wildfire-spread-prevention-system
ဘာသာပြန်ဆိုတင်ပြသူ - ဗိုလ်မှူး အောင်ထက်ထက် (ရဲရင့်အောင်)