ယူနန်ပြည်နယ်တွင် မက်ထရစ်တန်ချိန် ၁.၁၅ သန်းရှိ မြေရှားသတ္တု တွေ့ရှိ
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဟုန်ဟဲမြို့တွင် မက်ထရစ်တန်ချိန် ၁.၁၅ သန်းရှိသော မြေရှားသတ္တုသိုက်အား တွေ့ရှိခဲ့ကြောင်း သယံဇာတဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုဌာန(China Geological Survey -CGS) က သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
CGS ၏ ထုတ်ပြန်ချက်အရ ထိုမြေရှားသတ္တုသည် ပရာစီအိုဒီမီယမ်၊ နီအိုဒီမီယမ် ၊ ဒိုင်ပရိုစီယမ်နှင့် တာဘီယမ်သတ္တုများအပါအဝင် အခြားရှားပါးသတ္တုတန်ချိန်ပေါင်း ၄၇၀,၀၀၀ ကျော်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်ဟု သိရှိရပါသည်။
ထိုသတ္တုတွင် အလတ်စားနှင့် လေးလံသော မြေရှားသတ္တုများပါဝင်သည့်အတွက် တရုတ်တွင် အကြီးဆုံးမြေရှားသတ္တုဖြစ်လာမည်ဟု မှတ်ချက်ပေးထားကြပါသည်။ CGS ၏ ထုတ်ပြန်ချက်အရ လျှပ်စစ် ကားများထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနှင့် ကာကွယ်ရေးနှင့် နည်းပညာ ကဏ္ဍတို့တွင် အလတ်စားနှင့် လေးလံသော မြေရှားသတ္တုများကို အသုံးပြုရပါသည်။
“လျှပ်စစ်ကားတစ်စီးထုတ်လုပ်ရာတွင် အလတ်စားနှင့်လေးလံသောမြေရှားသတ္တု ၀.၈ ကီလိုဂရမ် အသုံးပြုရသည့်အတွက် ယင်းသတ္တုများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလိုအပ်လာပါတယ်” ဟု တရုတ် သိပ္ပံသင်တန်းကျောင်းမှ ပညာရှင် Hou Zengqian က ပြောကြားခဲ့ပါသည်။
၁၉၆၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကျန်းရှီးပြည်နယ်၌ မြေရှားသတ္တုကို ပထမအကြိမ် တွေ့ရှိပြီးနောက် ယခုအခါ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ဒုတိယအကြိမ် ထပ်မံတွေ့ရှိခြင်း ဖြစ်ပါသည်။ အလတ်စားနှင့် လေးလံသော မြေရှားသတ္တုများသည် ဓာတ်သတ္တုပါဝင်မှုနည်းပါးခြင်းနှင့် တူးဖော်ရသည့်တွင်းများတွင် ဓါတ်သတ္တုတည်ရှိမှုမှာ ထင်ရှားမှု မရှိခြင်းတို့ကြောင့် ရှာဖွေတူးဖော်ရရှိရန် လွန်စွာခက်ခဲပါသည်။
မြေရှားသတ္တုများကို သံနှင့်ခဲသတ္တုရိုင်းများကဲ့သို့ သံလိုက် သို့မဟုတ် လျှပ်စစ်ဖြင့် လျင်မြန်စွာ ခွဲထုတ်တူးဖော်၍ မရသောကြောင့် တိကျသော ကွင်းဆင်းတိုင်းတာမှုများနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများအပေါ် လေ့လာပြီး တူးဖော်ရပါသည်။
အကြီးဆုံးဟု ယူဆရသော ယခုမြေရှားသတ္တုကို တရုတ်သိပ္ပံပညာရှင်များ၏ ဘူမိဓာတုဆိုင်ရာ ခြေရာခံနိုင်စွမ်းနှင့် တူးဖော်စွမ်းရည်တို့ကြောင့် တွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပညာရှင် Hou က ဆက်လက် ပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း CGS သည် အမျိုးသားပထဝီဝင်ဓာတုကို အခြေခံထားသော ကွန်ရက်ကိုတည်ဆောက်ခဲ့ပြီး မြေရှားသတ္တုများကို လျင်မြန်တိကျပြီး ဂေဟစနစ်ကို ထိန်းသိမ်းသည့် နည်းလမ်းများဖြင့် တူးဖော်နိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါသည်။ “ကျွန်တော်တို့ရဲ့ တူးဖော်ရေးနည်းလမ်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိနိုင်ဘူး” ဟု CGS မှ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
Wang နှင့်အဖွဲ့သည် မြစ်ချောင်းများကဲ့သို့သော နေရာများမှ နုန်းအနည်များကို စုဆောင်းခဲ့သည်။ ထို့ပြင် အချင်း ၁၀ စင်တီမီတာခန့်ရှိသည့် အပေါက်ငယ်များအား Infrastructure မလိုအပ်ဘဲ ဖောက်ပေးသည့် လက်ဆွဲကိရိယာ Gannan drill ကို အသုံးပြုကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် သဘာဝအလျောက် ပေါက်ရောက်နေသော အပင်များကိုလည်း မထိခိုက်စေရန် သတိထား ဆောင်ရွက်ရကြောင်း Wang က ပြောကြားခဲ့သည်။
အိုင်းယွန်းစုပ်ယူမှု မြေရှားသတ္တုများ ထုတ်ယူခြင်းဆိုသည်မှာ မူလရှိပြီးသား အပင်များကို မထိခိုက်စေဘဲ တောင်ကုန်းငယ်တစ်ခုတွင် တွင်းများတူးခြင်း၊ ဓာတုပစ္စည်းအရည်များဖြင့် ထိုးသွင်းခြင်းနှင့် မြေရှားဒြပ်စင်များ စုဆောင်းခြင်းတို့ ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြေရှားသတ္တုထုတ်ယူခြင်းလုပ်ငန်းကွင်းဆက်ကို ခိုင်မာအားကောင်းစေပြီး နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် မြေရှားများကို စနစ်တကျ ခွဲထုတ်ယူခြင်းနှင့် မြေရှားအသုံးပြုမှု တန်ဖိုးမြင့်မားလာရေးအတွက် နည်းပညာများမြှင့်တင်ရန် သိပ္ပံပညာရှင်များက အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Hou က ပြောကြားခဲ့သည်။
ကိုးကား-China daily