ဂျပန်နိုင်ငံ အီဝါ့တဲခရိုင်တွင် တောမီးဆက်လက်လောင်ကျွမ်းနေ၊ မီးလောင် ကျွမ်းမှုဧရိယာ ၂,၁၀၀ ဟက်တာအထိရှိလာ
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ အီဝါ့တဲခရိုင်၊ အိုဖူနာတိုမြို့၏ တောမီးလောင်ကျွမ်းမှုဧရိယာသည် လက်ရှိတွင် ၂,၁၀၀ ဟက်တာခန့် တိုးချဲ့လာကြောင်း ဂျပန်ကျိုဒိုသတင်းဌာန၏ မတ် ၃ ရက် သတင်းအရ သိရသည်။
အိုဖူနာတိုမြို့အစိုးရသည် လူပေါင်း ၄,၅၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ စာရင်းအင်းအရ မတ်လ ၃ ရက်၊ နံနက် ၇ နာရီအထိ လူပေါင်း ၁,၂၀၀ ခန့်ကို ယာယီ နေရာချထားရေး စခန်းသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှိဂဲရုအီရှီဘာက မီးသတ်ဌာနနှင့် ကိုယ်ပိုင် ကာကွယ်ရေးတပ်(JSDF)များကို တတ်နိုင်သမျှ ကြိုးပမ်းစုစည်းကာ တောမီးလောင်မှုကြောင့် နေအိမ်အဆောက်အအုံ များပေါ် ထိခိုက်မှုများကို ကြိုးစားတားဆီးသွားမည်ဟု မတ်လ ၃ ရက်တွင် အောက်လွှတ်တော် ဘတ်ဂျက် ကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
လက်ရှိတွင် မီးငြှိမ်းသတ်ရာတွင် မီးသတ်သမား ၂,၀၀၀ ကျော်ပါဝင်လျက်ရှိကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရှိ မီးသတ်ဌာန၏ မတ်လ ၃ ရက် သတင်းအရသိရသည်။ ယခု အကြိမ် တောမီးလောင်မှု သည် ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အဆိုပါ တောမီးကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ အများအပြားနှင့် သစ်တောဧရိယာအများအပြား မီးလောင်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ News Agency