ဆေးဖက်ဝင်ပိန်းဥ၏ ကျန်းမာရေးကောင်းကျိုးများ

Posted_Date

Image

ဆေးဖက်ဝင်ပိန်းဥ၏ ကျန်းမာရေးကောင်းကျိုးများ

Body

ကိုယ်အလေးချိန်ကျလိုသူများ စားသင့်သောပိန်းဥ

ပိန်းဥအလေးချိန် ၁၀၀ ဂရမ်တွင် ၁၁၂ ကယ်လိုရီပါဝင်သဖြင့်အာလူးထက် ကယ်လိုရီပိုများနေသောကြောင့် လွန်ကဲစွာစားသုံးမိပါက ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် ပေါင်ချိန်တက်စေနိုင်သည်။ ထိုက်သင့်သလောက် ပိန်းဥပမာဏကို မကြာခဏစားပေးပါက ရသင့်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဘေးဥပဒ်ကင်းစွာ ရရှိနိုင်မည်ဖြစ်သည်။ ပိန်းဥတွင် အဆီမပါသကဲ့သို့  ကိုလက်စထရောမပါဝင်သဖြင့် ကယ်လိုရီတက်မည်ကိုပူပင်စရာမရှိဘဲ ဗိုက်ပြည့်၍ သွေးလှည့်ပတ်မှုကိုကောင်းစေသည်။ ပိန်းဥတွင် ဗက်တီးရီးယားကိုကာကွယ်နိုင်‌သော ဂုဏ်သတ္တိများပါဝင်သောကြောင့် ပုံမှန်စားပေးပါက   အအေးမိဖျားနာခြင်းမဖြစ်နိုင်ပေ။ ပိန်းဥတွင်    ကစီဓာတ်(ကာဗိုဟိုက်ဒရိတ်) များစွာပါဝင်၍    လိုအပ်သောစွမ်းအင်ကိုရရှိစေပြီး အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်သည် အစာခြေစနစ်ကို  ပိုမိုတိုးတက်ကောင်းမွန်စေကာ ကျန်းမာသော ကိုယ်အလေးချိန်လျော့ကျမှုကို  ဖြစ်စေသည်။

ပိန်းဥတွင်‌ပါဝင်သော ကစီဓာတ်

ပိန်းဥတွင်‌ပါဝင်သော ကစီဓာတ်ကြောင့်  ကိုလက်စထရောကို   လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို  လျော့ကျစေသည်။  ပိန်းဥသည် ကာဗိုဟိုက်ဒရိတ်များသောအစားအစာဖြစ်သည်နှင့်အညီ ပိန်းဥ ၁၀၀ ဂရမ်တွင် ကာဗိုဟိုက်ဒရိတ်၂၆ ဒသမ ၄၆ ဂရမ်အထိပါရှိသည်။ လူတို့အတွက်  ကာဗိုဟိုက်ဒရိတ်နည်းပါးခြင်းသည် အကျိုးမရှိနိုင်သော်လည်း ပိန်းဥတွင်သိသာထင်ရှားစွာပါဝင်သော အမျှင်ဓာတ်ကြောင့် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို  နှေးကွေးစေပြီး  သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို  ကာကွယ်ပေးသည်။  အမျှင်ဓာတ်သည် လူတို့မချေဖျက်နိုင်သော ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်သည်။ သွေးတွင်းသကြားဓာတ်အပေါ်    သက်‌ရောက်မှုရှိပါက အစာခြေခြင်းကို နှေး‌ကွေးစေသည်။ ထို့ပြင်   ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ကာဗိုဟိုက်ဒရိတ်မှပေးသဖြင့် ပိန်းဥအတွင်းရှိ ကစီဓာတ်နှင့်အမျှင်ဓာတ်ပေါင်းစပ်ခြင်းဖြင့် ဆီးချိုရောဂါအတွက်သင့်တော်သော     ကာဗိုဟိုက်ဒရိတ်ကိုရရှိစေမည်ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ  တစ်ရက်လျှင် အမျှင်ဓာတ် ၁၀ ဂရမ် စားသုံးသူများသည်   နှလုံးရောဂါဖြစ်ခြင်းမှ   ၁၇ ရာခိုင်နှုန်း လျော့ကျစေခြင်းကြောင့်   ပိန်းဥသည်   နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေသည်ဟုဆိုနိုင်သည်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေသော ပိန်းဥ

ပိန်းဥ၏ ကျန်းမာရေးကောင်းကျိုးများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ခြင်း၊  ကိုယ်အလေးချိန်လျော့ကျစေခြင်း၊  အစာခြေလုပ်ငန်းစဉ်ကို  တိုးတက်စေခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းတို့ ပါဝင်သည်။    ပိန်းဥတွင်ကိုယ်တွင်းအစာခြေခြင်းကို  ဟန့်တားပေးနိုင်သော ကစီဓာတ်  Resistant Starch  များ ပါဝင်နေမှုများသောကြောင့်ထပ်မံအစားစားလိုစိတ်ကို  လျော့ကျစေပြီး ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။

ပိန်းဥ၏ ဆိုးကျိုးဖြစ်စေသောအရာများ

ပိန်းဥတွင် အကျိုးများစေသောအချက်များရှိသကဲ့သို့  ဆိုးကျိုးဖြစ်စေသောအချက်တစ်ခုမှာ ယင်းတွင် ကယ်လ်စီယမ်အောက်စာလိတ် (Calcium Oxalate) ဟုခေါ်သော  သဘာဝအတိုင်းတွေ့ရသည့် ခန္ဓာကိုယ်အတွင်းဖြစ်ပေါ်သော ဒြပ်ပေါင်းတစ်ခုပါဝင်ခြင်းကြောင့်   အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဂေါက်ရောဂါကို အစပျိုးစေခြင်း၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်း ဖြစ်ပေါ်စေသည်။ ပိန်းဥကို အစိမ်းစားပါက ယင်းတွင်ပါဝင်သော  အောက်စာလိတ်(Oxalate)ကြောင့်  လည်ပင်းကို မအီမသာဖြစ်စေပြီး   ပါးစပ်တွင်း၌ ထုံကာတောက်တတ်သည်။ တချို့သောပိန်းဥအမျိုးအစားများသည်  ချွဲကျိကျိများထုတ်သောကြောင့် ပါးစပ်ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ ထိုသို့ဖြစ်ပါက ပိန်းဥကိုချက်ပြုတ်ခြင်းဖြင့် ဓာတ်ပြယ်စေနိုင်သည်။  ကြီးမားသောပိန်းဥပင်ကြီးများတွင်    မည်သည့်အစိတ်အပိုင်းမဆို အစိမ်းစားမိပါက ရုတ်တရက်နာကျင်ခြင်း၊ နှုတ်ခမ်းပါးစပ်နှင့်   လျှာရောင်ရမ်းခြင်း၊ အပူလောင်ခြင်းများဖြစ်စေသည်။ ရောင်ရမ်းခြင်းကြောင့်တံတွေးများခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ အစာစားရာတွင်မျိုချရန်ခဲယဉ်းကာ စကားပြောရန်ခက်ခဲခြင်းများကြုံရမည်။  မျိုချမိပါက အစာအိမ်‌ရောဂါဖြစ်စေနိုင်သည်။ ပိန်းဥတွင် ကျန်းမာရေးအတွက်အကျိုးရှိသော အပင်မှထွက်သည့် ပိုလီဖီနော(Polyphenol) ဒြပ်ပေါင်းပါရှိသဖြင့်ကင်ဆာရောဂါအမျိုးမျိုးကိုကာကွယ်ပေးပြီး  ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သောအစွမ်းရှိသည်။   ပိန်းဥတွင်တွေ့ရသော Polyphenol  သည် ကြက်သွန်နီ၊ပန်းသီးနှင့်  လက်ဖက်တို့တွင်ရှိသော ကွာဆက်တင် (Quercetin)  ဒြပ်ပေါင်းအမျိုးအစားဖြစ်သည်။ ယင်းဒြပ်ပေါင်းသည် ကင်ဆာဆဲလ်များကိုသေစေနိုင်ပြီးကင်ဆာရောဂါအမျိုးမျိုးဖြစ်ပေါ်ခြင်းကိုနှေးကွေးစေသည်။ ယင်းသည်  ဓာတ်တိုးဆန့်ကျင်မှု (Antioxidant)ကို ကာကွယ်ပေးနိုင်သော အစွမ်းထက်   Free Radical  များကို ကာကွယ်ပေးသည်။

ပိန်းဥအစိမ်းတွင်ပါဝင်သော Oxalate ဓာတ်သည် ဂေါက်ရောဂါနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို  အားပေးစေနိုင်သဖြင့်  သေချာစွာ  အပူပေးချက်ပြုတ်ပြီးမှသာ စားသောက်သင့်သည်။ ပိန်းဥကို အလွန်ကြိုက်နှစ်သက်ကြသော  အဆိုပါရောဂါရှိသူများသည်    Oxalate  ဓာတ်ပြယ်စေရန် ပိန်းဥကို နွားနို့  သို့မဟုတ် ကယ်လ်စီယမ်ကြွယ်ဝစွာပါရှိသော အစားအစာတစ်ခုခုဖြင့်  တွဲဖက်၍စားသင့်သည်။    သို့သော်  မလိုလားအပ်သောပြဿနာများ     မဖြစ်စေရေးအတွက်ထိုရောဂါဝေဒနာရှင်များအနေဖြင့် ပိန်းဥနှင့်ပိန်းရိုးတို့ကို ရှောင်နိုင်လျှင် ပိုကောင်းသည်။    

ပိန်းရိုးဟင်းခါး

ပိန်းပင်မှပင်စည်ဖြစ်သည့် ပိန်းရိုးကိုမူဟင်းခါး  သို့မဟုတ်  ဟင်းချိုအဖြစ်  စားသောက်လေ့ရှိကြသည်။ ပိန်းဥနှင့် ပိန်းရိုးတို့တွင် Oxalate ဓာတ်ပါရှိသဖြင့် အစိမ်းစားမိပါက ထိုဓာတ်များသည်    လူကိုအဆိပ်ဖြစ်စေသည်။   ထို့ကြောင့် Oxalate ဓာတ်များပျက်ပြယ်သွားစေရန်  ပိန်းဥကို မချက်ပြုတ်မီ တစ်ညတာ ကြိုတင်၍ ရေစိမ်ထားသင့်သည်။

သွေးအားနည်းရောဂါကာကွယ်ပေးသည့် ပိန်းရွက်

လူတစ်ဦးသည်  ၁၀-၂၀   မီလီဂရမ်ရှိသော သံဓာတ်ပါဝင်သည့် အစားအစာကို
စားသုံးသော်လည်း  သံဓာတ် ၁ မီလီဂရမ်ခန့်သာ  ၎င်း၏ခန္ဓာကိုယ်က   စုပ်ယူနိုင်သည်။   အစာအာဟာရတွင်    သံဓာတ်နည်းပါးပါက   သံဓာတ်ချို့တဲ့သော  သွေးအားနည်းရောဂါဖြစ်စေတတ်သည်။ အစာအာဟာရမှရရှိသော သံဓာတ်သည် ခန္ဓာကိုယ်အတွင်း     အဓိကလိုအပ်သော အရင်းအမြစ်ဖြစ်သည်။   ပိန်းရွက်သည် သံဓာတ်ပေါကြွယ်ဝသော   အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ပိန်းရွက်ကို ပုံမှန်ချက်ပြုတ်စားသောက်ခြင်းဖြင့် သွေးအားနည်းရောဂါကို  ကာကွယ်ပေးနိုင်သည်။ ပိန်းရွက်တွင်  ထရီအိုနင်း(Threonine )ဟုခေါ်သော     အမိုင်နိုအက်စစ်တစ်မျိုးပါဝင်သည်။ ယင်းအမိုင်နိုအက်စစ်သည် သာမန်အရေပြားအတွက်  အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက်  ကျုံ့နိုင်ဆန့်နိုင်သော   ပရိုတင်းဓာတ်တစ်မျိုးကိုထုတ်ပေးသည်။ လုံလောက်သောThreonine  အမိုင်နိုအက်စစ်ပမာဏသည်အသက်ကြီး၍ အရေပြားတွန့်ခြင်းနှင့်အသားအရေတွန့်ခြင်းတို့ကို ကာကွယ်ပေးသည်။ Threonine    အမိုင်နိုအက်စစ်ပါသော ပိန်းရွက်ကို ချက်ပြုတ်စားသောက်ခြင်းဖြင့်   အသားအရေကို  ကြည်လင်ပြီးအရွယ်တင်နုပျိုစေသည်။

ပိန်းဥ၏ကျန်းမာရေးအတွက် အရေးပါမှု

ပိန်းဥ၏ကျန်းမာရေးအတွက် အရေးပါပုံများအနေဖြင့်  အမြင်အာရုံကို တိုးတက်ကောင်းမွန်စေခြင်း၊     ကြက်မျက်သင့်ဝေဒနာရှင်များကို အကျိုးပြုခြင်း၊ မျက်စိအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကို တင်းရင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်း  အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်    သေသွားသောဆဲလ်များပြန်လည်တည်ဆောက်      ထုတ်လုပ်မှုကို အထောက်အကူပြုပေးခြင်း၊   နှုတ်ခမ်းနာခြင်း၊ ကွဲအက်ခြင်းတို့ကိုသက်သာကောင်းမွန်စေခြင်း၊ အရိုးများကို ကျန်းမာသန်စွမ်းစေရန် အထောက်အကူပြုခြင်း၊    သွေးထဲရှိသကြားပမာဏကို     ပုံမှန်ဖြစ်စေခြင်း၊ လည်ပင်းအကျိတ်၊     သိုင်းရွိုက်ဂလင်းပြဿနာများကို သက်သာကောင်းမွန်စေခြင်း၊ အာရုံကြောများကို တိုးတက်ကောင်းမွန်စေခြင်း၊  မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့်မူးဝေထိုင်းမှိုင်းခြင်းတို့ကို ကာကွယ်ပေးခြင်း၊     မိတ်၊    အင်ပျဉ်ကဲ့သို့သောအရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထခြင်းတို့ကို သက်သာစေခြင်း၊    ဆံပင်ကျွတ်ခြင်းကို   ကာကွယ်ပေးသည့်အပြင်ဆံပင်ကိုနက်စေခြင်း၊  ကိုလက်စထရောပမာဏ     ပုံမှန်ဖြစ်စေခြင်း၊ ကြွက်သားများတည်ဆောက်မှုကို  တိုးတက်ကောင်းမွန်စေခြင်း၊  သွေးတိုးကျစေခြင်း၊  မျိုးပွားခြင်းကိုလည်း  ကောင်းစွာအထောက်အကူပြုခြင်း၊  သွားနှင့်သွားဖုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊  အဆုတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ ပင်ပန်းနွမ်းလျမှုကို ပြေလျော့စေခြင်း၊ကိုယ်အလေးချိန်ကျစေခြင်း၊အကြားအာရုံချို့ယွင်းမှုကို  တိုးတက်ကောင်းမွန်စေခြင်း၊ ဒဏ်ရာကို အမြန်ကျက်စေခြင်း၊  အူသိမ်၊အူမကြီးလုပ်ဆောင်ချက်များကိုအထောက်အကူပြုခြင်း၊ ခန္ဓာကိုယ်တွင်းကျန်းမာရေးကို အထောက်အကူပြုရုံသာမက အရေပြားကျန်းမာရေးကိုလည်း များစွာအကျိုးပြုကာအရွယ်တင်နုပျိုစေခြင်း၊   နာတာရှည်ဝမ်းလျှောခြင်းမှ ကာကွယ်ပေးခြင်း၊ မကြာခဏအအေးမိခြင်းနှင့် ပြင်ပရောဂါများ     အလွယ်တကူဝင်ရောက်ခြင်းတို့ကို     ဟန့်တားပေးပြီး ကိုယ်ခံအားကိုလည်း  ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများစွာပေးနိုင်သည့် ပိန်းဥကို လူတိုင်းသင့်တင့်မျှတစွာ စားသုံးသင့်သည်။

အချုပ်အားဖြင့်ဆိုရသော်   သဘာဝအလျောက်   ပေါက်လေ့ရှိသောပိန်းဥကို စီးပွားဖြစ်ရောင်းဝယ်ဖောက်ကားနိုင်သောပိန်းဥများအဖြစ်      နေရာဒေသများစွာ၌စိုက်ပျိုးကြမည်ဆိုပါက ပိန်းဥရောင်းကုန်မှဝင်ငွေသည် အပိုဝင်ငွေဖြစ်လာနိုင်သည်။ပိန်းဥကို စီးပွားဖြစ်စိုက်ပျိုးပြီး ပိန်းဥကိုသန့်စင်အခြောက်ခံ၍ဖြစ်စေ၊ တန်ဖိုးမြှင့်ပို့ကုန်အဖြစ်ဖြစ်စေ ထုတ်လုပ်၍   ပြည်ပသို့ တင်ပို့ရောင်းချနိုင်လျှင် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်သည်။ ပိန်းရွက်များကို တိရစ္ဆာန်အစာအဖြစ်  အသုံးပြုနိုင်သဖြင့်တိရစ္ဆာန်အစာခြောက်  ပြုလုပ်၍လည်းရောင်းချနိုင်သည်။ ပိန်းဥတွင်    Poly-phenols  နှင့် Antioxidant ပါဝင်မှုကြောင့်  ကင်ဆာဆဲလ်များ     ကြီးထွားခြင်းကို တိုက်ဖျက်စေသည့်အပြင် ခန္ဓာကိုယ်အတွက်  ရောဂါဖြစ်စေသော ဓာတ်တိုးခြင်းကို   ကာကွယ်ပေးသည်။ ပိန်းဥတွင်ကာဗိုဟိုက်ဒရိတ်များခြင်းကြောင့် ခန္ဓာကိုယ်အားဖြစ်စေခြင်း၊အမျှင်ဓာတ်များခြင်းကြောင့် အစာချေဖျက်အားကောင်းစေခြင်း၊  ပိုတက်ဆီယမ်ပါဝင်ခြင်းကြောင့်  သွေးဖိအားကို ထိန်းသိမ်းစေခြင်း စသည့်ကျန်းမာရေးအတွက်   အကျိုးများစွာရရှိစေနိုင်သည့်ပိန်းဥကို အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော်လည်း တန်လျှင်ဆေး၊ လွန်လျှင်    ဘေးဖြစ်တတ်သောကြောင့် သင့်တင့်မျှတစွာစားသုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

Source: Myawady Web Portal

​​​​​​​အမေရိကန်က ပါကစ္စတန်အပေါ် ပိတ်ဆို့မှုတွေချမှတ်ခြင်းက တရုတ်နဲ့ပိုနီးကပ်အောင် တွန်းပို့ပေးနေတဲ့ လုပ်ရပ်လို့ဆိုနိုင်မလား

Posted_Date

Image

​​​​​​​အမေရိကန်က ပါကစ္စတန်အပေါ် ပိတ်ဆို့မှုတွေချမှတ်ခြင်းက တရုတ်နဲ့ပိုနီးကပ်အောင် တွန်းပို့ပေးနေတဲ့ လုပ်ရပ်လို့ဆိုနိုင်မလား

Body

ဒီဇင်ဘာလ ၁၈ ရက်မှာ အမေရိကန်နိုင်ငံက ပါကစ္စတန်နိုင်ငံရဲ့ အမြင့်ပျံဒုံးကျည်အစီအစဉ်အပေါ် ပိတ်ဆို့မှုတွေချမှတ်တယ်ဆိုပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုပိတ်ဆို့မှုချမှတ်တာ က  သမ္မတရဲ့ အမိန့်အမှတ်စဉ် ၁၃၃၈၂ အရဖြစ်တယ် လို့ဆိုပါတယ်။

အဲဒီအမိန့်အမှတ်စဉ်ရဲ့ရည်မှန်းချက်က လူအစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အဖျက်စွမ်းအားပြင်း လက်နက်များကို ပြန့်ပွားစေသူများနဲ့ အဲဒီလက်နက် များကိုပို့ဆောင်တဲ့ အမျိုးမျိုးသော နည်းလမ်းများအပေါ် ပစ်မှတ်ထားပြီးလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တစ်မျိုးပါ။

အမေရိကန်ရဲ့ပိတ်ဆို့မှုထဲမှာပါကစ္စတန်ရဲ့နိုင်ငံပိုင် National Development Complex  လည်းအပါအဝင် ဖြစ်ပြီး ကုမ္ပဏီလေးခုကို ပိတ်ဆို့မှုတွေချမှတ်လိုက်တာဖြစ်ပါတယ်။ အခုလို အမေရိကန်က ပါကစ္စတန်နိုင်ငံအပေါ်ပိတ်ဆို့မှုတွေချမှတ်ခြင်းဟာ ပါကစ္စတန်နဲ့ပတ်သက်ပြီး အချိန် ၁၄ လတာ ကာလအတွင်း စတုတ္ထအကြိမ်မြောက် ပိတ်ဆို့မှုချမှတ်ခြင်းလည်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက အမေရိကန်က တရုတ်ကုမ္ပဏီသုံးခုအပေါ် ပိတ်ဆို့မှုတွေချမှတ်ခဲ့တာတွေ့ရပါတယ်။ ဒီလိုပိတ်ဆို့မှုတွေချမှတ်ရတဲ့အကြောင်းရင်းက အဲဒီကုမ္ပဏီတွေဟာ ပါကစ္စတန်နိုင်ငံကို   အမြင့်ပျံဒုံးကျည်အတွက်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းပစ္စည်းများထောက်ပံ့ပေးနေခြင်းကြောင့်ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့နှစ်ဧပြီလတုန်းက အမေရိကန်ဟာ တရုတ်ကုမ္ပဏီနောက်ထပ်သုံးခုနဲ့ ဘယ်လာရုစ်ကုမ္ပဏီတစ်ခုတို့ကို ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါသေးတယ်။ စက်တင်ဘာလမှာ အမေရိကန်ဘက်က တရုတ်ကုမ္ပဏီ နောက်ထပ်လေးခုနဲ့အတူ တရုတ်နိုင်ငံသားတစ်ဦးတို့ကို ပါကစ္စတန်ရဲ့ဒုံးကျည်အစီအစဉ်မှာပါဝင်မှုအတွက် ပိတ်ဆို့မှုတွေချမှတ်ခဲ့တာ တွေ့ရပါတယ်။ အခုနောက်ဆုံးတစ်ခေါက် ပိတ်ဆို့မှုချမှတ်ရာမှာ ပါကစ္စတန်နိုင်ငံပိုင်ကုမ္ပဏီလည်းပါဝင်လာတာဖြစ်တဲ့အတွက် ဒီလိုလုပ်ဆောင်မှုက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်လာတာဖြစ်ပါတယ်။

Arms Control Association and Carnegie Endowment for International Peace ဆိုတဲ့အဖွဲ့ ကစီစဉ်ကျင်းပတဲ့အခမ်းအနားတစ်ခုမှာ အမေရိကန် အမျိုးသားလုံခြုံရေးဒုတိယအကြံပေး ဂျွန်ဖိုင်းနားက ပါကစ္စတန်နိုင်ငံဟာ အကြီးစားဒုံးကျည်မော်တာများ ကိုထုတ်လုပ်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုထားတာရှိပါတယ်။ အဲဒီဒုံးကျည်မော်တာတွေက တောင်အာရှဒေသကိုကျော်လွန်ပြီး အမေရိကန်အပါအဝင် တခြားသောနေရာများရှိ ပစ်မှတ်များကိုပစ်ခတ်နိုင်စေလိမ့်မယ်လို့လည်း သူက ဆိုထားပါတယ်။

ဒါပေမဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ထုတ်ပြန်ချက်တွေဟာ ဘက်လိုက်မှုတွေရှိနေတယ်လို့ပြောပြီးတုံ့ပြန်ထားတာကိုတွေ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ပါကစ္စတန်နိုင်ငံအနေနဲ့ အခုလိုမျိုးတွေ လုပ်ဆောင်နေရတာဟာ ကိုယ့်နိုင်ငံကိုကာကွယ်ရေး
အတွက် မိတ်ဖက်နိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။

လက်ရှိအချိန်မှာ ပါကစ္စတန်နိုင်ငံက တာလတ်ပစ်ဒုံးကျည်တစ်မျိုးဖြစ်တဲ့ Shaheen-III ဒုံးကျည်ကို ပိုင်ဆိုင်ထားပြီး ဒါဟာ သူတို့ရဲ့လက်နက်တွေထဲက အဆင့်အမြင့်ဆုံးလက်နက်တစ်မျိုးဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်မှာ အချင်း ၁ ဒသမ ၄ မီတာရှိဒုံးမော်တာ ကိုတပ်ဆင်ထားတာပါ။ အဲဒီအတွက် အကွာအဝေး အားဖြင့် ကီလိုမီတာ ၂၇၅၀ အထိသွားနိုင်ပါတယ်။ အမေရိကန်ပြောသလိုမျိုးပဲ ပါကစ္စတန်က အမေရိကန်အထိပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုး အစားကိုဖန်တီးထုတ်လုပ်ဖို့အတွက်ဆိုရင် အနည်းဆုံးကီလိုမီတာ ၁၂၀၀၀ လောက်အထိ သွားနိုင်စွမ်းရှိတဲ့ ဒုံးကျည်အမျိုးအစားကိုဖန်တီးရပါမယ်။

ပါကစ္စတန်ရဲ့ပြောဆိုပုံအရဆိုရင်ပကတိမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး အတည်မပြုနိုင်တဲ့ယူဆချက်အပေါ်အခြေခံကာ အမေရိကန်ကပိတ်ဆို့မှုတွေချမှတ်လိုက်တာဖြစ်တဲ့အတွက် ဒီလိုမျိုးဆောင်ရွက်ချက်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးကိုပျက်စီးသွားစေနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲပါကစ္စတန်က သူတို့အနေနဲ့ နျူကလီးယားစွမ်းဆောင်ရည်များကို အကောင်အထည်ဖော်နေခြင်းဟာ  ကိုယ့်နိုင်ငံကိုကာကွယ်ပေးနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်က အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးကောင်း တစ်ခုကိုတည်ဆောက်ထားခြင်းက ပါကစ္စတန်ရဲ့ စိုးရိမ်ကြောင့်ကြမှုကို ပိုမိုဆိုးဝါးစေပါတယ်။ ဒီအ တွက်ကြောင့် အမေရိကန်ဟာ တောင်အာရှဒေသရှိ မဟာဗျူဟာမြောက်  လက်တွေ့အခြေအနေတွေ ကို   နားလည်ထားခြင်းမရှိဘူးလို့ ပညာရှင်အချို့ကသုံးသပ်ထားပါတယ်။ ဒီလိုအချိန်မျိုးမှာ ပါကစ္စတန်ရဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုတွေ၊ ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်တဲ့ ဒုံးကျည်တည်ဆောက်မှုတွေလုပ်ဆောင်ထားတာကြောင့်လည်း ပါကစ္စတန်အနေနဲ့ စိုးရိမ်ပူပန်နေမယ်ဆိုရင်  ဒါဟာစိုးရိမ်ပူပန်သင့်တဲ့အခြေအနေ တစ်ခုဖြစ်နေတယ်ဆိုတာကို လက်ခံပေးရပါမယ်။

အိန္ဒိယဘက်က နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်တဲ့ Agni-5 ဒုံးကျည်၊   အသံနှုန်းလွန်လေဟုန်စီးယာဉ်၊ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ K4 အမျိုးအစားအမြင့်ပျံဒုံးကျည်များကို  တည်ဆောက်ထားနိုင်တာတွေ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်က အိန္ဒိယနဲ့များလှစွာသောသဘောတူစာချုပ်များမှတစ်ဆင့် ဒေသတွင်းကာကွယ်ရေးနဲ့လုံခြုံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်နေပါတယ်။ သဘောတူညီချက်တွေထဲမှာ ဆိုက်ဘာလုံခြုံရေး၊ ချစ်ပြားထုတ်လုပ်ရေး၊ လူတူဉာဏ်ရည်နည်းပညာ၊ ကွမ်တမ်နည်းပညာ၊ အာကာသရေးရာအပါအဝင် တခြားကဏ္ဍများစွာပါဝင်ပါတယ်။ ဒါ့အပြင် အိန္ဒိယက အမေရိကန်မှစစ် လက်နက်ပစ္စည်းများစွာကိုဝယ်ယူနိုင်ဖို့အတွက်လုပ်နေပါသေးတယ်။

အရင်တစ်ချိန်တုန်းက ပါကစ္စတန်နိုင်ငံဆိုတာ အမေရိကန်နဲ့ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ် ကိုထူထောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အတက်အကျလေးတွေတော့ရှိပါတယ်။    အမေရိကန်ရဲ့ အကြမ်းဖက်မှုချေမှုန်းရေးစစ်ပွဲအတွင်း ပါကစ္စတန်နိုင်ငံ ကအဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့တာပါ။

ဒါ့အပြင် ပါကစ္စတန်နိုင်ငံဆိုတာ အမေရိကန်နိုင်ငံ အတွက် NATO တပ်ဖွဲ့ပြင်ပ အဓိကမဟာမိတ်နိုင်ငံအထိကို ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မကြာ သေးမီကချမှတ်လိုက်တဲ့ အမေရိကန်ရဲ့ ပါကစ္စတန်အပေါ်ပိတ်ဆို့မှုတွေက ပါကစ္စတန်ကိုတရုတ်နိုင်ငံဆီရောက်ရှိစေဖို့အတွက် လမ်းကြောင်းပေးနေသလို ဖြစ်နေတာကိုတွေ့ရပါတယ်။

ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေများစွာပြောင်းလဲလာတာနဲ့အမျှ အမေရိကန်နဲ့တရုတ်တို့ရဲ့ပြိုင်ဆိုင်မှုသည်လည်း ပြင်းထန်လာပါတယ်။ ဒါကြောင့်ပဲ တရုတ်နိုင်ငံရဲ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုကို တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်ကအိန္ဒိယနဲ့ဆက်ဆံရေး ကိုပိုမိုတိုးမြှင့်လာနေပါတယ်။ ပါကစ္စတန်ကတော့ နှစ်နိုင်ငံစလုံးနဲ့သင့်မြတ်အောင်နေထိုင်လာနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့တွေထွက်ခွာပြီးနောက်   အမေရိကန်နဲ့ ပါကစ္စတန်နိုင်ငံတို့ကြားဆက်ဆံရေးက  တစ်ဖန်ပြန်လည်ဆိုးဝါးလာပါတယ်။

အတိတ်ကာလတုန်းက အမေရိကန်နိုင်ငံဆိုတာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာပြဿနာတက်ရင် အမြဲတမ်းကြားကနေဝင်ရောက်ညှိနှိုင်းပေးတတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့အခုတော့ အမေရိကန်အနေနဲ့ ပါကစ္စတန်အပေါ်ပိတ်ဆို့မှုတွေချမှတ်လိုက်ခြင်းက အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဆက်ဆံရေးတင်းမာမှုတွေကိုပိုလို့သာဆိုးသွားစေပါတယ်။ ဒီအချိန်မှာ အမေရိကန်ကလည်း အိန္ဒိယဘက်ကိုသာအလေးပေးနေတာတွေ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ပါကစ္စတန်တို့ကြားမှာ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ယုံကြည်မှုတွေက လျော့ပါးကျဆင်းလာနေပါတယ်။ ဒီပြဿနာက အနာဂတ်ပဋိပက္ခတွေမှာ ဘက်မလိုက်တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နိုင်ဖို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းလိုဖြစ်နေပြီး ကိုယ့်ရဲ့အကူအညီလိုအပ်နေနိုင်သူတစ်ဦးကို ကိုယ်ကမကူညီပေးဘဲ ကိုယ့်ရဲ့ပြိုင်ဘက်ဆီကိုသာ ထိုးအပ်နေတဲ့အဖြစ်နဲ့တူညီနေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: SCMP

Source: Myawady Web Portal

ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးထားရှိ

News Image

ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌     ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ဆီထွက်သီးနှံ(နေကြာ)  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် နေကြာသီးနှံကိုတောင်သူအချင်းချင်း  မျိုးသန့်ပွားသုံးစွဲနိုင်စေရန် ရည်ရွယ်၍  ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံမျိုးစေ့ထုတ် စိုက်ခင်း ၄၅ ဧကကို ဒေသခံအကျိုးဆောင်တောင်သူများနှင့်  ပူးပေါင်းပြီး  အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

လွတ်လပ်ရေးရပြီး ၇၇ နှစ် ခရီး ….

Posted_Date

Image

လွတ်လပ်ရေးရပြီး ၇၇ နှစ် ခရီး ….

Body

လွတ်လပ်ရေးရပြီ…

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သည့်နိုင်ငံဖြစ်လာသည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ ယနေ့တိုင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် မြန်မာတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပြီ၊ ကိုယ်စီကိုယ်ငဖွံ့ဖြိုးတိုးတက်ရေးအဖုံဖုံကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ လွတ်လပ်ရေးပြန်လည်ရရှိအောင်၊ ခွန်နှင့်အားနှင့် ကြိုးပမ်းဆောင်ကြဉ်းပေးခဲ့သော အဘိုးအဘွားများ၊ အသက်သွေးချွေးပေးခဲ့ကြသူများကို အောက်မေ့ကြ၊ ကျေးဇူးတရားကို သိကြ။ သူတို့က သာယာဝပြောမှုကိုရှေ့တန်းမတင်၊ အနစ်နာခံ၊ အားထုတ်ခဲ့သူများဖြစ်သည်။ သူတို့ ထားခဲ့သည့် အမွေအနှစ်အသီးအပွင့်ဖြစ်သော လွတ်လပ်ရေးကို ကျွန်တော်တို့ခံစားရတာ ၇၇ နှစ် မြောက် လွတ်လပ်ရေးနေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

“တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ပြည် ဒို့မြေများလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဒို့ပြည်ဒို့မြေပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေထိန်းသိမ်းစို့လေ”

လွတ်လပ်ရေးသည် အလွန်တရာနူးညံ့သော သဘောဖြစ်သည်။ လွတ်လပ်ရေးကို အရယူရန် ကြိုးစားကြစဉ်က စည်ပင်သာယာအေးချမ်းစွာနှင့် သာတူညီမျှစနစ်အရ နေထိုင်နိုင်ရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးရေးစွဲ၊ ဘာသာရေးစွဲများဟု ဆိုရမလိုပါဘဲ၊ လွတ်လပ်ရေးရပြီး နှစ်လ၊ သုံးလအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့သည်။ မြန်မာတို့ ကံကြမ္မာဆိုးခဲ့သည်။ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့လာခဲ့သည်။ ပြည်သူများ မြေစာပင်ကဲ့သို့ဖြစ်ခဲ့ရသည်။

၇၇ နှစ်တာခရီး

မြန်မာနိုင်ငံ မတိုးတက်သည်ကို ရှည်ရှည်ဝေးဝေးပြောနေစရာလိုမည်မထင်၊ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံကိုတည်ဆောက်သူက တည်ဆောက်၊ ဖျက်ဆီးသူက ဖျက်ဆီးခဲ့ကြရာ နှစ်ဆယ်ရာစုနှောင်းပိုင်း ၇၇ နှစ်ခရီးတောက်လျှောက်ပါပဲ။ သမိုင်းအထောက်အထားများအရ ပြည်ပလွှမ်းမိုးမှုနိုင်ငံရေးအစွန်းရောက် လက်ဝဲလက်ယာ ဝါဒီများ၊ တရားသေလူမျိုးရေး အစွန်းရောက်ဝါဒီများနှင့် တောမီးလောင်တောကြောင် လက်ခမောင်းခတ်မသမာသူများ၏ ကိုယ်ကျိုးရှာမှုများကြောင့်ဟု သုံးသပ်ကြပါသည်။ ယုံကြည်ချက်၊ ခံယူချက်၊ အယူဝါဒများကွဲပြား၊ လက်နက်စွဲကိုင်၊ ထင်ရာလုပ်နိုင်ခြင်းဆိုသော မှားယွင်းသည့်အယူဖြင့် တိုင်းပြည်ကိုဖျက်ဆီးရန် သူတို့ဝန်မလေးခဲ့ကြ။ လက်နက် ကယ်စုံအလင်နှင့် ခက်ဖွယ်ရယ်ကြုံခဲ့သည့်နိုင်ငံဖြစ်ခဲ့ပါသည်။

လူထုအုံကြွမှု

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် ၂၀၂၁ ခုနှစ် ဖြစ်စဉ်ကြီးနှစ်ခုသည် ခေတ်ကာလအခြေအနေအရ သဘောသဘာဝ မတူငြားသော်လည်း နောက်ကွယ်မှရည်ရွယ်ချက်က အတူတူဖြစ်သည်ကို သတိမူရမည်။ လွတ်လပ်သောနိုင်ငံအား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးနေသော ဒုက္ခသည်နိုင်ငံအဖြစ် မလိုလား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူတန်းစားအလွှာအသီးသီး၏ ကောင်းကျိုးအဖုံဖုံကိုရှေးရှုကာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသောဘဝကို လိုလားကြသည်သာ ဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လိုလားကြသည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် စည်းလုံးရေးပျက်ပြားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လက်နက်ကိုင်အကြမ်းဖက်မှုများက လွတ်လပ်ရေးရပြီးကတည်း ကနေ ယခုတိုင်ဖြစ်ပေါ်လျက်ရှိရာ အလွန်ပင်ထူးဆန်း၍ စဉ်းစားစရာကြီးဖြစ်နေသည်။ အိမ်နီးနားချင်းထိုင်းနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ရှိခဲ့သော်လည်း စီးပွားမပျက်၊ ပညာရေးမပျက်၊ အလုပ်မပျက်။ တည်ငြိမ်အေးချမ်းသွားသည်သာ များသည်ကို နိုင်ငံတကာသတင်းမီဒီယာများမှ သိမြင်ရပါသည်။

သမိုင်းကို ပြန်ဆန့်ကြည့်လျှင် ပုဂံခေတ်တွင် မြန်မာ၊ ကုန်းဘောင်ခေတ်တွင် ဗမာ၊ ဗြိတိသျှခေတ်တွင် ဘားမား၊ ဂျပန်ခေတ်တွင် ဘီရုမာမည်သို့ပင်ခေါ်ခေါ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့သည် မျိုးနွယ်စုကြီးများအဖြစ် ရှေးနှစ်ပရိစ္ဆေဒ များစွာကတည်းက အေးအတူပူအမျှ အတူတကွဒီမိုးဒီရေဒီမြေတွင် နေလာခဲ့သည့် သမိုင်းကြောင်း သံယောဇဉ်က ကြီးမားခဲ့ပါသည်။ အရှေ့၊ အနောက် နိုင်ငံရေးအယူဝါဒများကို အလွန်အမင်းမတွယ်တာ လေနှင့်၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများက ဟောင်းနွမ်းနေပြီ ခေတ်မမီတော့ဟူ၍လည်း ယုံမှားသံသယမရှိလေနှင့်၊ ကိုယ့်စာပေကိုယ့်တေးဂီတများ သုခုမအနုပညာများက ‘မတိုး’ တော့ပြီဟူ၍လည်း မထင်လေနှင့်၊ အတိတ်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းခဲ့သည့် ဘဝကိုလည်းလွမ်းနေရုံနှင့် မပြီးသည်ကို သိကြရပေမည်။ အဋ္ဌာရသတစ်ဆယ့် ရှစ်ရပ်ဖြင့် လုံလောက်ပြီဟုလည်း မတွက်လေနှင့်၊ ဒီမိုကရေစီဆိုတိုင်း ရောဂါမှန်သမျှ ကုသနိုင်သည့် ဆေးကျမ်းဟု မဆိုနိုင်ပေ။

အနာဂတ်မြန်မာနိုင်ငံ

မြန်မာတို့၏ဘဝနှင့် မြန်မာတို့၏ မဝေးလှသောသမိုင်း၊ လူ့ဘောင်သမိုင်း၏ ပြောင်းလဲမှု ဘဝကံကြမ္မာကို ဖန်တီးရာ၌ ပဓာနအားဖြင့် ဆောင်ကြဉ်းသူတို့မှာ အသိဉာဏ်ရှိသောလူသားကသာ အဆုံးအဖြတ်ပေးသည်ကို တွေ့ရှိရသည်။ ပညာဆိုသည် ရှေ့တွင်ရှိမည့် ကောင်းကျိုးဆိုးကျိုး ကိုမြင်နိုင်သည်။ ထွင်းဖောက်မြင်နိုင်သည်။ ဘုရားရှင်လက်ထက်က ရှင်ဒေဝဒတ်၊ တိတ္ထိဆရာကြီး ခြောက်ယောက်တို့သည် ပညာကိုတစ်ဖက်ကမ်းခပ်တတ်ကြသော်လည်း အယူဝါဒလွဲမှားပြီး ဘုရားကြီး၊ ဘုရားငယ်ပြုလုပ်ကာ တပည့်များအား ဗာလလူမိုက်လမ်းမှားသို့ပို့သည်ကို ကြည့်နိုင်သည်။ ၂၁ ရာစု လူငယ်တို့ နမူနာယူကြရလိမ့်မည်။ အနာဂတ်မျိုးဆက်သစ်များကို အဝိဇ္ဇာ အမှောင်ထုလောင်းရိပ်အောက်တွင် မမွန်းကျပ်စေလို။ ရွှေဥမင်ဆရာတော်ဘုရားကြီးက “မှားတာကို မကြောက်၊ မှားမှန်းမသိတာကို ကြောက်၏”ဟု မြွက်ကြားပါသည်။ အလွန်လိုက်နာမှတ်သားစရာ ကောင်းလှပါသည်။ ကောင်းမွေ၊ ဆိုးမွေများထဲမှ မည်သည့်ကောင်းမွေများကို ခွဲခြားယူကြမလဲဆို သည်ကို သူတို့ဆုံးဖြတ်ကြရလိမ့်မည်။

“ဗုဒ္ဓ၏ အခြေခံကျလှသော တရားအရ မုန်းတီးမှုနှင့် အကြမ်းဖက်မှုကို ရှောင်ရှားဖို့ စိတ်ကူးနိုင်မှ၊ စဉ်းစားနိုင်မှ ပြဿနာ၏အဖြေဆီသို့ နီးကပ်စွာရောက်သွားနိုင်ပါလိမ့်မည်။

- အမုန်းတရားကို မေတ္တာနှင့်၊

- ကြမ်းတမ်းခက်ထန်မှုကို ငြိမ်းချမ်းရေးနှင့်၊

- ထိပ်တိုက်ရင်ဆိုင်မှုကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများနှင့် အစားထိုးကြရပါလိမ့်မည်”

ဟု အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း ဂျဝါဟာလ်နေရူး (Jawaharlal Nehru) က ဗုဒ္ဓ တရားတော်ကို အခြေပြုပြီး အကြံပြုချက်သည် လွန်စွာမှကောင်းလှပါသည်။ အများသောလူထုသည် ထင်ရာလုပ်နိုင်ခြင်း၊ စည်းမဲ့ကမ်းမဲ့ ပြုလုပ်နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှားနေလေသည်။

သံသရာတစ်ကွေ့ တွေ့ကြသူများ

မည်သည့်အစိုးရမဆို ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ဘူးဆိုသည်ကို ကမ္ဘာ့သမိုင်းအား ကြည့်လျှင် တွေ့မြင်ရပါလိမ့်မည်။ နှစ်ဆယ်ရာစုမြန်မာ့သမိုင်းတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ခါးသီးမုန်းတီးစရာ၊ စည်းလုံးမှုပျက်ပြားစရာဖြစ်သော သမိုင်းအထုပ်ကိုမဖြေကြဘဲ ဥမကွဲသိုက်မပျက်မည့် ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားအားလုံးက သံယောဇဉ်ကြိုးများဖြင့် ရှေးရှုတည်ထောင်နိုင်ရန် နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များက ဦးဆောင်နေသည်ကို တွေ့မြင်နေရသဖြင့် ဝမ်းသာပီတိဖြစ်ရပါသည်။

သဟဇာတ၊ သမာသမတ်ဖေးမကူညီရိုင်းပင်းသည့် ဖက်ဒရယ်ကို တည်ဆောက်ရာတွင် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်မှုများ ရှောင်ရလိမ့်မည်။ နှလုံးသားနှင့် ဉာဏ်အမြော်အမြင်ကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးရလိမ့်မည်။ နိုင်ငံကစည်းလုံးညီညွတ်မှု (unity) ရှိရပါမည်။ စည်းလုံးညီညွတ်မှု မရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲပါသည်။

သံသရာတစ်ကွေ့တွင် ကျွန်တော်တို့တစ်တွေ ယခုလိုဆုံတွေ့ရသည့်ဘဝ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည့်ဆန္ဒ၊ အမျိုးသားအကျိုးစီးပွားရှေးရှုသည့်ဝိသေသ၊ နိုင်ငံတကာ အလယ်တွင် ထည်ထည်ဝါဝါနှင့် နေနိုင်သည့် အခြေ အနေကို ချစ်မြတ်နိုးကြရပါမည်။

- ကမ္ဘာ့လူသားတစ်ယောက်အဖြစ် ကျွန်တော် တို့က ဤကမ္ဘာမြေတွင် အသက်ရှင်ခွင့်ရှိသလောက် နေခဲ့ကြပြီ။ ရေစက်ဆုံကာ တစ်ခုတည်းသော မိုးကောင်းကင်ကိုကြည့်၊ တူညီသောလေကိုရှူခဲ့ပြီ။ ရေကြည်ကိုသောက်ခဲ့ကြပြီ။ မြေမှပေါက်သည့် သီးနှံတို့ကိုလည်းစား၊ ဝေငှလှူဒါန်းမှုများလည်း ပြုခဲ့ကြပြီ။

- တည်ငြိမ်ခံ့ညားမြင့်မား‌သည့် တောင်တန်းကြီးများနှင့် ဤတောင်တန်းများကြားမှ တသွင်သွင်စီးဆင်းနေသည့် ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်တို့ကို အကြောင်းပြုပြီး တိုင်းရင်းသားအပေါင်း စုပေါင်းနေထိုင်ခဲ့ကြပြီ။

- မြန်မာတိုင်းရင်းသားတို့၏ ကောင်းကျိုးအတွက် မြော်မြင်တွေးခေါ် ကြံစည်စိတ်ကူးကြမှ အသိဉာဏ်နှင့်ယှဉ်ပြီး အနာဂတ်ခရီးကို သတိရှိရှိ ဖြင့် လျှောက်လှမ်းကြမှ၊ ကုသိုလ်စိတ်နှင့် တန်ဖိုးထားနေထိုင်ခဲ့ကြမှ နေခဲ့သမျှ၊ နေရနိုင်မည့်ကာလအတွက် ကျေးဇူးတရားသိရာ၊ ဆပ်ရာကျလိမ့်မည်။

ဉာဏ်နှင့်ယှဉ် သတိကြီးစွာရှုမြင်

ယနေ့ကမ္ဘာတစ်လွှားတွင် အကြမ်းဖက်မှု၊ လူထုအုံကြွမှု၊ ဒေါသအမျက်ခြောင်းခြောင်းထွက် နေမှုများသည် ထိန်းရခက်၊ ကျယ်ပြန့်၊ ပြင်းလဲပြင်းထန်ပါသည်။ တိုင်းပြည်စည်းလုံးမှု လျော့နည်းသည့်အခါ၊ တိုင်းပြည်တွင် အားနည်းချက်များ၊ မတည်ငြိမ်မှုများ ပေါ်လာသည့်အခါတိုင်းတွင် အဖျက်လုပ်ရပ်များ ပေါ်ပေါက်လာစမြဲပါ။ ယနေ့တိုင် ပြည်သူများသည် အကြမ်းဖက်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခံရခြင်း၊ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးခြင်းနှင့် လူငယ်များအတွေးအခေါ် အယူအဆအမှားများဖြင့် လမ်းမှားသို့ ရောက်မှန်းမသိရောက်ရှိခြင်း စသည့်အနာဂတ်ထိခိုက်စရာများအထိ ဖြစ်ပေါ်လျက်ရှိသည်။ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်မှုများက ပို၍ဆိုးဖွယ်ရာပင် ဖြစ်လိမ့်မည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်

နိုင်ငံတော်၏ နိုင်ငံရေးဦးတည်ချက်တစ်ခုဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ပညာတတ်များ ပေါကြွယ်ဝရေးဖြစ်ပါသည်။

သမိုင်းတစ်လျှောက် သာဓကအထောက်အထားကောင်းများ ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမနီသည် Federal Republic of Germany (FRG), German Democratic Republic (GDR) ဆိုပြီး နိုင်ငံရေးအတွေးအခေါ်နှင့် စူပါပါဝါ နိုင်ငံကြီးများ၏ လွှမ်းမိုးမှုကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ နှစ်ပေါင်း ၄၅ နှစ်ကျော်ကြာမှ နှစ်ခြမ်း ကွဲဂျာမနီက ပြန်လည်ပူးပေါင်းနိုင်ခဲ့ကြခြင်းသည် နမူနာကောင်းဖြစ်ပါသည်။ ဤသို့ ပြန်လည်ဆုံတွေ့ ပူးပေါင်းရာတွင် ခက်ခဲမှုများကို ခက်ခဲသည်ဟု မမြင်ဘဲအခက်အခဲများကို ကျော်လွှားခဲ့ပါသည်။ နှစ်ခြမ်းကွဲခဲ့သည့် ဗီယက်နမ်၊ ဂျာမနီနိုင်ငံတို့သည် နိုင်ငံရေးအင်အားစုများ၊ ကာကွယ်ရေးအင်အားစု များကောင်းမွန်၍၊ ကွဲပြားခြားနားသည့် နိုင်ငံရေးသဘောတရားအပေါ် သဘောထားကြီးနိုင်သော အမျိုးသားရေးအမြော်အမြင်၊ ဂျာမန်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်များက ပေါင်းစည်းပေးလိုက်သည်ဟု ပြောရမည်ဖြစ်ပါသည်။ ဥရောပတိုက်တစ်တိုက်လုံးသည် စစ်ပွဲကြီးနှစ်ခုကြောင့် ရင်နာစရာ၊ အခဲမကျေစရာများက မြန်မာနိုင်ငံထက်ထုနှင့် ထည်နှင့် ကြီးမားသောအစိုင်အခဲ ဖြစ်မည်ဟု ခန့်မှန်း၍ရပါသည်။

အမေရိကန်ပြည်ထောင်စု (United States of America) က ဖက်ဒရယ်ပြည်ထောင်စုပင် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ညီညွတ်စုစည်းဖွဲ့စည်းထားသော နိုင်ငံပင်ဖြစ်ပါ သည်။ စုစည်းညီညွတ်ခြင်းကြောင့် အမေရိကန်သည် လည်းကောင်း၊ ဥရောပသမဂ္ဂ (European Union) သည်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်လည်းကောင်း၊ ဂျာမနီနိုင်ငံသည်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်းကောင်း ကမ္ဘာတွင် အင်အားကြီး၊ အရာရာဖွံ့ဖြိုးတိုးတက်မှုမြင့်မားနေကြောင်း တွေ့ရှိရပါသည်။

နိဂုံးချုပ်ရလျှင်ဖြင့်-

လွတ်လပ်ရေးနေ့ ဤရက်တွင် အဓိကဖြစ်သော မေးခွန်းနှစ်ခုကို မေးသင့်ကြသည်။

- “ကျွန်တော်တို့သည် လွတ်လပ်ခြင်း၏ အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိပါသလား…

- ကျွန်တော်တို့သည် လွတ်လပ်ခြင်း၏အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိသည့်အတိုင်း၊ လွတ်လပ်သော လူမျိုး၏ ဝတ္တရားကို ကျေပွန်စွာဆောင်ရွက်နေပါသလား” ထင်ရာလုပ်နိုင်ခြင်း စည်းမဲ့ကမ်းမဲ့ပြုလုပ် နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှားနေပါသလော…

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၇၇ နှစ်ခရီးမှာ နိုင်ငံရေးအပြောင်းအလဲရှိတိုင်း လက်နက်ကယ်စုံအလင်နှင့် ခက်ဖွယ်ရယ်ကြုံခဲ့သည့် နိုင်ငံဖြစ်ခဲ့သည်။

အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော ၂၀ ရာစု မြန်မာနိုင်ငံသည် အသစ်ပေါ်ထွန်းလာမည့် ၂၁ ရာစု မြန်မာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းရာဝယ်လွတ်လပ်ရေးအမွေအနှစ် ကောင်းမွေများကို ယူတတ်ရန်နှင့် မကောင်းသည်ကို ပယ်တတ်သော အရည်အချင်းနှင့် ဉာဏ်အမြော်အမြင်များ ရှိကြရပါလိမ့်မည်။ စိတ်ခေါ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ မြန်မာတိုင်းရင်းသားအပေါင်းတို့၏ နှလုံးရည်၊ လက်ရုံးရည် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သမာဓိ၊ သတိများဖြင့် ရှေ့သို့ချီမည်ပန်းတိုင်ဆီသို့ လျှောက်လှမ်းကြရမည်ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါသည်။ ။

ကျမ်းကိုး -

- ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေးဝန်ကြီးဌာန

- မကြန်သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ မြရတနာ စာပေ၊ စာစဉ် (၁) ၂၀၀၂ ခုနှစ်

- Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000

- “၂၀ ရာစု မြန်မာနိုင်ငံ” အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၀၂ ခုနှစ် တက္ကသိုလ်များ ပုံနှိပ်တိုက်

- မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမိုးသက်လေပြင်းများနှင့် အခြားဆောင်းပါးများ၊ စာအုပ်အမှတ်စဉ် (၄၂/၂၀၂၂) ပြန်ကြားရေးဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်

- Newsweek March, 1998

- Time 4 September, 2001

- Readers’ Digest, October, 2001